ဟုမ္မလင်း ဓားပြတွေ ဖမ်းဆီးရမိ

ဟုမ္မလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဓားပြတိုက်၍ ငွေနှင့် ရွှေထည်များ ယူဆောင်သွားသည့် ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် ၁၄

၂၀၁၈ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ နံနက် ၁ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဒဟတ်တောကျေးရွာနေ ဒေါ်ရီရီဝင်း(၄၃)နှစ်နှင့် ၎င်း၏မောင် ဇော်မင်းထွန်း(၂၈)နှစ်တို့သည် နံသာ ကျေးရွာအုပ်စု၊ ဟွေ့ချောင်းရွှေမှော်ရှိ နေအိမ်ဈေးဆိုင်၌ အိပ်နေစဉ် ဈေးဆိုင်တံခါးအား ဆွဲဖွင့် သံကြား၍ ဇော်မင်းထွန်းမှ ထကြည့်ရာ မျက်နှာတွင် အဝတ်များစည်းလျက် ဓားရှည်ကိုယ်စီ ကိုင်ဆောင်ထားသော အမျိုးသား ၁၂ ဦး(စိစစ်ဆဲ)သည် ဈေးဆိုင်အတွင်း ဝင်ရောက်လာသဖြင့် အော်ဟစ်အကူအညီတောင်းမည်ပြုစဉ် ဇော်မင်းထွန်း အား ဓားဖြင့်ခုတ်သည့်အပြင် ရင်ဘတ်ကို ဓားဖြင့်ထောက်ကာ ၎င်းတို့တွင်ရှိသည့်ပစ္စည်းများအား အကုန်ထုတ်ပေးရန်ပြောဆိုသဖြင့် အိပ်ခန်း အတွင်းရှိ သံသေတ္တာအား ယူဆောင်ပေးခဲ့ရာ သော့ရိုက်ဖျက်ပြီး ငွေကျပ်သိန်း(၅၀)ခန့်၊ ရွှေ(၂၀) ကျပ်သား၊ Oppo Nero-5 အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံး၊ CANDA-125 ဆိုင်ကယ်(၁)စီး တို့အား ယူဆောင်သွားကာ စေတီဆိပ်ကျေးရွာဘက်သို့ ဆိုင်ကယ်များဖြင့် မောင်းနှင်ထွက်ပြေးသွား ကြောင်းနှင့် ဓားဖြင့်အခုတ်ခံရမှုကြောင့် ဇော်မင်းထွန်းတွင် ဦးခေါင်းပြတ်ရှဒဏ်ရာ(၁)ချက်၊ ရင်ဘတ်ပွန်းခြစ်ဒဏ်ရာ(၁)ချက်တို့ ရရှိခဲ့သောကြောင့် အရေးယူပေးရန်တိုင်တန်းချက်အရ အမျိုးသား ၁၂ ဦး(စိစစ်ဆဲ)အား မိုင်းကိုင်းနယ်မြေရဲစခန်း(ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၉၇ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် မိုင်းကိုင်းနယ်မြေရဲစခန်းမှ ရဲအုပ် မျိုးမင်းညွန့် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုက်လံစုံစမ်းဆောင်ရွက်နေစဉ် ဇွန်လ ၁၃ ရက်နေ့တွင် စေတီဆိပ်ကျေးရွာ အရှေ့ဘက်တစ်မိုင်ခန့် အကွာရှိ နန်းစားကျေးရွာနေ ကျော်ရွှေ(၄၂)နှစ်၏ တဲအား ဝင်ရောက်ရှာဖွေရာ တဲတွင်း၌ ကျော်ရွှေ နှင့်အတူ ဗန်းမောက်မြို့နယ်၊ မံနားကျေးရွာနေ ဘထွန်း(၁၉)နှစ်၊ တစ်ရွာတည်းနေ ထွန်းချို(၁၉)နှစ် တို့အားတွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ၎င်းတို့နှင့်အတူ ပြစ်မှုကျူးလွန်သူများမှာ ကောလင်းမြို့နယ်၊ တောင်စိမ်း ကျေးရွာနေ စိုးအောင်(၄၀)နှစ်၊ ပင်လည်ဘူးမြို့နယ်၊ မြေကုလားကျေးရွာနေ ခင်ထူး(၃၄)နှစ်၊ ဗန်းမောက်မြို့နယ်၊ နန်းဇားကျေးရွာနေ ခင်ရွှေ(၃၅)နှစ်၊ တစ်ရွာတည်းနေ ဖေဉာဏ်(၃၀)နှစ်၊ ထွန်းမြင့်ဦး(၁၉)နှစ်၊ ဖောင်းပြင်မြို့နယ်၊ ကရာစုကျေးရွာနေ ကိုကိုချစ်(ခ)ချစ်မိုးဦး(၂၅)နှစ် တို့ဖြစ် ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ကျော်ရွှေထံမှ ပြစ်မှုကျူးလွန်စဉ်က ရရှိခဲ့သည့် ငွေကျပ်(၅)သိန်း၊ လောက်လေးခွ(၃)လက်၊ လောက်စာလုံး(၅)လုံး၊ ဓားမြှောင်(၁)ချောင်း၊ ဆိုင်ကယ်(၂)စီးနှင့် မျက်နှာ ဖုံးရာတွင်အသုံးပြုခဲ့သည့် ပုဆိုး(၂)ကွင်းတို့အား သိမ်းဆည်းရမိခဲ့သောကြောင့် ကျော်ရွှေပါ (၃)ဦးတို့အား အမှုဖြင့်စစ်ဆေးလျက်ရှိကြောင်းနှင့် ကျန်တရားခံများအား လိုက်လံဖမ်းဆီးလျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ဟုမ္မလင်း ဓားပြတွေ ဖမ်းဆီးရမိ ဟုမ္မလင်း ဓားပြတွေ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.