ခိုနှုမ်းသုန်သတင်း။ ၀၇ ဇွန်လ ၂၀၁၈
ပြီးခဲ့သည့်ရက်ပိုင်းအနည်းငယ်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မီဇိုရမ်ပြည်နယ် Lunglei မြို့ Lunglawn ရှိ လူဦးရေ ၁၄ ဦးနေထိုင်သည့် နှစ်ထပ်အိမ်တစ်လုံးပြိုကျခဲ့ရာတွင် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ည ၆း၃၀ ခန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Lunglawn ဘောလုံးကွင်း အောက်ဘက်ရှိ အိမ်ရှင် Vanlalpekhlua နှစ်ထပ်အိမ်တစ်လုံးမှာ မြေသားလျောကျမှုကြောင့် ပြိုကျခဲ့ပြီး လူ ၁၄ ဦးရှိသည့်အနက် လူ ၁၀ ဦးသေဆုံးခဲ့ပြီး ကျန် ၄ ဦးမှာ အချိန်မှီ ကယ်တင်နိုင်ခဲ့ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။
အဆိုပါ နှစ်ထပ်အိမ်တစ်လုံးပြိုကျမှုကြောင့် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၆ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများတွင် ကလေးသူငယ် ၅ ဦးပါဝင်ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ည ၁၂ နာရီခန့်က အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့မှ ဆိုင်းဟားမြိုသို့ ပြေးဆွဲသော ခရီးသည်တင် ဘစ်ကားတစ်စီးမှာ ဆိုင်းဟားမြို့မရောက်ခင် လုံးလဲခရိုင်တွင် တိမ်းမှောက်ပြီး ခရီးသည် ၁၁ ဦး သေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိသည်ဟု သိရသည်။
ခရီးသည်အယောက် ၂၉ တင်ဆောင်လာသော ညလိုင်းပြေးဆွဲနေသည့် Colney ဘစ်ကားသည် လုံးလဲခရိုင် Pangzawl ကျေးရွာမှ ၂ ကီလိုမီတာ အကွာတွင် တိမ်းမှောက်ကာ တောင်အောက်သို့ မီတာ ၅၀၀ ခန့်အထိလိမ့်ကျသွားခဲ့ခြင်းဖြစ်သည်။
ဘစ်ကားတိမ်းမှောက်မှုကြောင့် သေဆုံးသည့်ခရီးသည် ၁၁ ဦးအနက် ၉ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျန် ၂ ဦးမှာ Serchhip ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ညတွင် ဖြစ်ပျက်ခဲ့သော Lunglawn ရှိ နေအိမ်တစ်လုံးပြိုကျမှုနှင့် ဆိုင်းဟားဘစ်ကားတိမ်းမှောက်မှုမှာ တစ်ညတည်းတွင် ဖြစ်ပျက်ခဲ့သည့်အရာဖြစ်ပြီး အဆိုပါ ပျက်ဆီးမှုနှစ်ခုကြောင့် လူဦးရေ ၂၁ ဦး တစ်ညတည်းတွင် သေဆုံးခဲ့ခြင်းဖြစ် သည်။
မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalthanhawla နှင့် ပြည်ထဲရေးဝန်ကြီး Pu R.Lalzirliana တို့ကလည်း ယခုလို အဖြစ်ဆိုးမျိုး တွေ့ကြုံခဲ့ရသည့်အပေါ် အထူးဝမ်းနည်းကြေကွဲကြောင်းနှင့် သေဆုံးသူများကိုလည်း နှစ်နာကြေးများ ပေးအပ်ကူညီသွားမည်ဖြစ် ကြောင်း ပြောဆိုခဲ့ကြသည်။
Khonumthung Burmese
https://www.facebook.com/KhonumtungBurmese
မီဇိုရမ်ပြည်နယ်တွင် နှစ်ထပ်အိမ်ပြိုကျမှုကြောင့် လူ ၁၀ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
10:37
Rating:
