စက်လှေတစ်စင်း နစ်မြုပ်မှု အမျိုးသမီးတစ်ဦး သေဆုံး

နစ်မြုပ်မှု ဖြစ်ပွားခဲ့တဲ့ ရွှေစင်ဦး အမည်ရှိတဲ့ စက်လှေကို တွေ့ရစဉ်/ Photo: Sagaing Regional lnformation Page - facebook
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ဆိပ်ကမ်းမှာ ဒီနေ့မနက်က စက်လှေတစ်စင်း စက်ပျက်ကာ နစ်မြုပ်ခဲ့ပြီး စက်လှေပေါ်မှာပါတဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲမှာရှိတဲ့ ကောယားရွာနဲ့ ဟုမ္မလင်း ကို ပြေးဆွဲနေတဲ့ ရွှေစင်ဦး အမည်ရှိတဲ့ စက်လှေတစ်စင်းဟာ ဒီနေ့မနက် ၁၁ နာရီ ၀န်းကျင်လောက်က ဟုမ္မလင်း ဆိပ်ကမ်းနားအရောက်မှာ စက်ပျက်ပြီး နစ်မြုပ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ စက်လှေပေါ်မှာ လူအယောက် ၂၀ လိုက်ပါလာခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးလွင် က ပြောပါတယ်။

"ဟုမ္မလင်းနဲ့ ကောယားကို လိုင်းစက်လှေတွေ ရှိတယ်လေ။ ဟုမ္မလင်းကနေ ကောယားကိုပို့တဲ့ လိုင်းစက်လှေ အသေးလေးတွေပေါ့၊ အဲဒီ စက်လှေလေးတွေနဲ့ နေ့တိုင်း အသွားအပြန် လုပ်နေကြတာ၊ ဟုမ္မလင်းဆိပ်ကမ်း အကပ်မှာ အဲဒီမှာ စက်ပျက်ပြီး မျောသွားတယ်လို့ ပြောတယ်၊ မျောသွားတဲ့အခါမှာ ကားတွေ ဘိလပ်မြေအိတ်တွေ တင်တဲ့ ကုန်တင်တဲ့ မော်တော်ကြီး အဲဒီအောက်ထဲ ၀င်သွားတယ်၊ အဲဒီမှာ မိန်းမကြီးတစ်ယောက် ဆယ်ပြီးတော့ ကုန်းပေါ်ရောက်မှာ အသက် ၅၀ အရွယ် မိန်းမကြီးတစ်ယောက် ဆုံးသွားတယ်"

စက်လှေပေါ်မှာ ပါတဲ့ ကျန်တဲ့သူတွေကတော့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ဌာနဆိုင်ရာတွေ၊ မီးသတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စက်လှေပေါ်မှာ ပါတဲ့သူတွေကို ကယ်ဆယ်ခဲ့ကြပါတယ်။

RFA Burmese
https://www.rfa.org/burmese
စက်လှေတစ်စင်း နစ်မြုပ်မှု အမျိုးသမီးတစ်ဦး သေဆုံး စက်လှေတစ်စင်း နစ်မြုပ်မှု အမျိုးသမီးတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 20:08 Rating: 5
Powered by Blogger.