ဂွာတီမာလာ မီးတောင်ပေါက်မှု ၂၅ ယောက် သေဆုံးကြောင်း အတည်ပြုထား

 ပြာတွေနဲ့ ဖုံးနေသူတွေကို ကယ်ထုတ် နေရ
ဂွာတီမာလာနိုင်ငံမှာ ဆယ်စုနှစ် များစွာအတွင်း အပြင်းထန်ဆုံး ကြုံတွေ့ရတဲ့ မီးတောင် ပေါက်ကွဲမှုကြောင့် လူ ၂၅ ယောက် သေဆုံး ခဲ့ရပြီး လူတွေ ရာနဲ့ချီ ပြီးတော့လည်း ဒဏ်ရာရရှိ သွားပါတယ်။

ဂွာတီမာလာစီးတီးရဲ့ အနောက်တောင်ဘက် ၂၅ မိုင် လောက် အကွာမှာ ရှိတဲ့ ဖွေးဂိုး မီးတောင်ကနေ ကျောက်ခဲတွေ၊ မီးခိုးမည်းတွေနဲ့ ပြာတွေ ကောင်းကင်ယံကို မှုတ်ထုတ် ခဲ့ပါတယ်။

ချော်ရည်ပူတွေလည်း အယ်ရိုဒီအိုရွာ ရှိရာ စီးကျ လာခဲ့ပြီး အိမ်ထဲ ပိတ်မိနေတဲ့ လူတချို့ သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။

အခုဆိုရင် မြို့တော်က အဓိက လေဆိပ် ပိတ်ထားရပါတယ်။
 ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ပေးနေစဉ်
 မြို့တော်ပေါ် ပြာတွေကျလာလို့ မျက်နှာဖုံး ဝတ်ထားကြဖို့ သတိပေး
လူတွေ အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်ခဲ့ရတဲ့ ဒီ သဘာဝ ဖြစ်ရပ်ဆိုးကြောင့် သမ္မတ ဂျင်မီ မော်ရဲလက်စ်က ပူဆွေး ဝမ်းနည်းဖွယ် ၃ ရက် ကြေညာ ထားပါတယ်။

တနင်္ဂနွေ နှောင်းပိုင်းက ထုတ်ပြန်ခဲ့တဲ့ သမ္မတရဲ့ ကြေညာချက်ထဲ လူ့အသက်တွေ ဆုံးရှုံး ခဲ့ရလို့ တစ်နိုင်လုံး ပြင်းပြင်းထန်ထန် ထိခိုက် နာကျင်ရတယ်လို့ ဆိုထားပါတယ်။

လူသေဆုံးမှုတွေ ဖြစ်ခဲ့တဲ့ အယ်ရိုဒီအိုရွာ ကနေ ချော်ရည်ပူတွေဟာ လမ်းကြောင်း ပြောင်းပြီး လာလီဘာတတ်ဒ် ဆိုတဲ့ ရွာဘက် ဦးတည်သွားတယ်လို့ ဂွာတီမာလာရဲ့ သဘာဝ အန္တရာယ် တုံ့ပြန်ကိုင်တွယ်ရေး ဌာနရဲ့ အကြီးအကဲ ဆာဂျီယို ကာဘားနတ်စ်က ဒေသတွင်း ရေဒီယို သတင်းဌာန တစ်ခုကို ပြောခဲ့ပါတယ်။
မြို့တော်လေဆိပ် ပြေးလမ်းပေါ်က ပြာတွေကို ဖယ်ရှား
ချော်ရည်ပူတွေကြောင့် လာလီဘာတတ်ဒ် ရွာဆီ ရောက်အောင် မသွားနိုင် ဖြစ်နေပြီး အဲဒီ ရွာမှာလည်း လူတွေ အသေအပျောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

သေဆုံးကြောင်း အတည်ပြု ထားနိုင်တဲ့ စာရင်းထဲ သူ့ ဌာနက ဝန်ထမ်းတွေလည်း ပါဝင်တယ်လို့ ကာဘားနတ်စ်က ပြောပါတယ်။

သေဆုံးသူတွေထဲ ကလေးငယ်တချို့လည်း ပါဝင် နေပါတယ်။
မီးခိုးတွေ ပြာတွေ သာမက ကျောက်ခဲတွေပါ ကောင်းကင်ကို မှုတ်ထုတ်ခဲ့
ယာယီ ခိုလှုံရာ နေရာတွေ ဖန်တီးပေး
ဒေသတွင်း မီဒီယာတွေက ထုတ်ပြန် ပေးနေတဲ့ ဗီဒီယိုထဲ ချော်ရည် စီးကြောင်း တွေပေါ် လူသေလောင်း တချို့ကို တွေ့ရသလို တစ်ကိုယ်လုံး ပြာတွေနဲ့ ဖုံးနေတဲ့ မသေပဲ ကျန်ခဲ့သူတွေကို ကယ်ဆယ်ရေး လုပ်သားတွေ ပြုစုပေးနေတာ တွေ့ရပါတယ်။

ဂွာတီမာလာ အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက် အရ မီးတောင် ပေါက်ကွဲမှုကြောင့် လူပေါင်း ၁.၇ သန်း ဝန်းကျင် ထိခိုက် ခံစား ရနိုင်တယ်လို့ ဆိုပါတယ်။

အခု မီးတောင်ပေါက်ကွဲမှုဟာ ၁၉၇၄ ခုနှစ် အပြီး အဆိုးရွားဆုံး ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဂွာတီမာလာ မီးတောင်ပေါက်မှု ၂၅ ယောက် သေဆုံးကြောင်း အတည်ပြုထား ဂွာတီမာလာ မီးတောင်ပေါက်မှု ၂၅ ယောက် သေဆုံးကြောင်း အတည်ပြုထား Reviewed by THITHTOOLWIN on 16:51 Rating: 5
Powered by Blogger.