အကြမ်းဖက်အစ္စလာမ်မစ် ခေါင်းဆောင် အင်ဒိုနီးရှား သေဒဏ်ပေး

အစ္စလာမ်မစ် ဘာသာရေးခေါင်းဆောင် Aman Abdurrahman အား ရုံးထုတ်လာစဉ် တွေ့ရပုံ။ (ဇွန် ၂၂၊ ၂၀၁၈)
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်အောင် IS စစ်သွေးကြွအဖွဲ့ကို အားပေးထောက်ခံမှုနဲ့ တရားရင်ဆိုင်နေရတဲ့ အင်ဒိုနီးရှားနိုင်ငံက အစ္စလမ်ခေါင်းဆောင်တဦးကို မြို့တော် ဂျကာတာ တရားရုံးတခုက သောကြာနေ့ကပဲ သေဒဏ်ချမှတ်ခဲ့ပါတယ်။

Aman Abdurrahman လို့ခေါ်တဲ့ အစ္စလမ်ဘာသာရေးခေါင်းဆောင်ဟာ နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှု ၅ ခု ဆက်တိုက်ဖြစ်ပေါ်အောင် ထောင်ထဲကနေ စီစဉ်ခဲ့မှုနဲ့ ပတ်သက်ပြီး ဂျကာတာတောင်ပိုင်း ခရိုင် တရားရုံးကနေ သေဒဏ်ချ မှတ်ခဲ့တာပါ။ အကြမ်းဖက် တိုက်ခိုက်မှုတွေထဲမှာ ၂၀၁၆ ခု၊ ဇန်န၀ါရီလတုန်းက မြို့တော်ဂျကာတာမှာရှိတဲ့ Starbucks ကော်ဖီဆိုင်ကို အသေခံဗုံးခွဲခဲ့လို့ အရပ်သူအရပ်သားလေးဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရခဲ့တဲ့အမှုလည်းပါဝင်ပါတယ်။

Aman Abdurrahman ဟာ JAD လို့အတိုကောက်ခေါ်တဲ့ Jammah Ansharut Daulah အဖွဲ့ရဲ့ ခေါင်းဆောင်ပါ။ ဒီအဖွဲ့ကို ၂၀၁၅ ခုနှစ်မှာထူထောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာပါ။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ အဲဒီအဖွဲ့ဟာ IS စစ်သွေးကြွအဖွဲ့နဲ့ ချိတ်ဆက်ခဲ့ပါတယ်။

Aman Abdurrahman ဟာ ဗုံးနဲ့ ဖေါက်ခွဲရေးပစ္စည်းတွေလုပ်ဆောင်မှုနဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ၂၀၀၄ ခုနှစ်တုန်းကတကြိမ်၊ အစ္စလမ်းအစွန်းရောက် ဂျီဟတ် သင်တန်းတွေ အာချေးပြည်နယ်မှာ စခန်းဖွင့် လုပ်ဆောင်ရေးမှာ အကူအညီပေးမှုနဲ့တကြိမ် အဖမ်းခံခဲ့ရတာပါ။

ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com

အကြမ်းဖက်အစ္စလာမ်မစ် ခေါင်းဆောင် အင်ဒိုနီးရှား သေဒဏ်ပေး အကြမ်းဖက်အစ္စလာမ်မစ် ခေါင်းဆောင် အင်ဒိုနီးရှား သေဒဏ်ပေး Reviewed by THITHTOOLWIN on 10:43 Rating: 5
Powered by Blogger.