ဒုက္ခသည်ပြန်ရေးကူညီဖို့ ကုလနဲ့ မြန်မာသဘောတူညီချက်လက်မှတ်ထိုး

ဒုက္ခသည်ပြန်ရေးကူညီဖို့ ကုလနဲ့ မြန်မာသဘောတူညီချက်လက်မှတ်ထိုး (Myanmar State Counsellor Office)
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ထဲ ကြုံခဲ့ရတဲ့ ပဋိပက္ခတွေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံမယ့် အစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်ရေး မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ကြား ဒီနေ့ပဲ နားလည်မှုစာချွန်လွှာ တရပ်ကို လက်မှတ်ရေးထိုး လိုက်ကြပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နဲ့ မြန်မာအစိုးရတို့ကြား လက်မှတ်ရေးထိုးလိုက်တဲ့ သဘောတူညီချက်ဟာ၊ ရခိုင်ပြည်နယ်က တိမ်းရှောင်သွားသူတွေ ကိုယ့်သဘောဆန္ဒအရ နေရပ်ပြန်လာနိုင်ရေး လုပ်ငန်းစဉ် ပိုမိုမြန်ဆန်လာအောင် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

ခန့်မှန်းချေ လူပေါင်း ၇ သိန်းလောက်ကို ပြန်လည် လက်ခံရာမှာ လူ့အသိုင်းအ၀န်းကြား ၀န်ဆန့်နိုင်ရေး၊ ဘေးကင်းလုံခြုံရေး၊ ၀န်ဆောင်မှုတွေနဲ့ နေရေးထိုင်ရေး ဆောင်ရွက်စရာ ကိစ္စတွေ အများအပြား ရှိနေကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Knut Ostby ကပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို လုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေရဲ့ နောက်ဆက်တွဲအဖြစ် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၇ သိန်းလောက် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတာပါ။

မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အေဂျင်စီတို့ကြား သဘောတူညီချက် ရရှိခဲ့တဲ့အပေါ် ရန်ကုန်မြိုက အမေရိကန် သံရုံးကလည်း ကြိုဆိုလိုက်ပါတယ်။ အခုသဘောတူညီချက်က နေရပ်စွန့်ခွာ တိမ်းရှောင်နေသူတွေ ကိုယ့်သဘောဆန္ဒအရ ဘေးရန်ကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိနဲ့ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေကို ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်နိုင်ဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းမယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မြန်မာအစိုးရရဲ့ ကြေညာခဲ့တဲ့ အပေါ်မှာလည်း မျှော်လင့်စောင့်စားနေကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပွင့်လင်မြင်သာမှုရှိရှိ ဆောင်ရွက်ဖို့နဲ့ စုံစမ်းစစ်ဆေးရာမှာ အပြစ်ရှိသူတွေကို ဖော်ထုတ်တွေ့ရှိရင်လည်းအရေးယူဖို့လိုအပ်ကြောင်း အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ဒုက္ခသည်ပြန်ရေးကူညီဖို့ ကုလနဲ့ မြန်မာသဘောတူညီချက်လက်မှတ်ထိုး ဒုက္ခသည်ပြန်ရေးကူညီဖို့ ကုလနဲ့ မြန်မာသဘောတူညီချက်လက်မှတ်ထိုး Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.