စေတုတ္ထရာမြို့ ရေဖုံးမှာ စိုးရိမ်နေ

 စေတုတ္ထရာနဲ့ ဆင်ဖြူကျွန်းကြားက လူမျာပါသွားခဲ့တဲ့ ဖောင်တော်ဦးချောင်း
မြန်မာနိုင်ငံ နေရာ အနှံ့အပြားရေကြီးရေလျှံ နေရာမှာ မကွေးတိုင်းက မြို့နယ် တော်တော်များများမှာ ဆိုးရွားတဲ့ ရေကြီးမှုဒဏ် ခံနေရပါတယ်။

စေတုတ္တရာ မြို့မှာတော့ မြို့တမြို့လုံး ရေဖုံးနစ်မြုပ်သွားမှာကိုတောင် မြို့ခံတွေက စိုးရိမ်ပူပန် နေကြရ ပါတယ်။

မိုးသည်းထန်တဲ့ အတွက် အရှိန်နဲ့ စီးဆင်းလာတဲ့ တောင်ကျ ချောင်းရေ တွေက လမ်းတံတားတွေ ရေကျော်တာ၊ ပျက်စီးပြီး ရေထဲ မျောပါ သွားတာ တွေ ရှိခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲနေတယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမတ် ဦးကျော်အောင်လွင်က ဘီဘီစီကို ပြောပါတယ်။

စေတုတ္ထရာ ငဖဲ လမ်းမှာ ကားလမ်း ပြတ်တောက် သွားပြီး စလင်းနဲ့ စေတုတ္ထရာ ကြားက လမ်းပေါ်မှာ ရေကြီးပြီး ရေကျော်နေတဲ့ အတွက် သွားလာလို့ မရ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ချောင်းရေ တိုက်စားတဲ့ တချို့ ရွာတွေမှာ နေအိမ်တွေ ရွှေ့ရတာ၊ စိုက်ပျိုး မြေတွေ ရေလွှမ်းသွားတာ ရှိတယ် လို့လည်းဆိုပါတယ်။

စေတုတ္ထရာမြို့ အထက် ၂ မိုင်မှာ ရှိတဲ့ မုန်း တမံမှာ ရေပိုလွှဲရဲ့ အထက် ၁၂ ပေကျော် အထိ ရေရှိနေလို့ ရေအား ကောင်းကောင်းနဲ့ ရေတွေ ဆက်ကျ နေသေးတယ်လို့ ဦးကျော်အောင်လွင်ကပြောပါတယ်။

ဒါ့အပြင် မုန်းချောင်းကို ဖြတ်ပြီး တည်ဆောက်ထားတဲ့ ကြီးအုံကြီးဝ တာတမံကတော့ ရေပိုလွှဲအထက် ၁၂ ဒဿမ ၈ ပေ ရှိနေလို့ ရေလျှံကျမှာကို စိုးရိမ်ရတယ်လို့ သူက ဆိုပါတယ်။

စံချိန်တင် ရွာတဲ့ မိုးကြောင့် စေတုတ္ထရာ တောင်ဖက် ရခိုင်ရိုးမက စီးဆင်းတဲ့ ဆီမီးချောင်းရေပြည့်လျှံနေလို့ မြို့အဝင် တံတားကို အန္တရာယ် ရှိတဲ့ အနေအထား ရှိနေလို့ မြို့လူထုက စိုးရိမ်ထိတ်လန့်ပြီး ကုန်းမြင့်ကို ပြောင်းရွှေ့နေကြတယ်လို့လည်း ဦးကျော်အောင်လွင်ကပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က စေတုတ္ထရာမြို့ဟာ ၁၂ ပေ ၁၃ ပေလောက် အထိ နေအိမ်တွေ၊ ဆိုင်တွေ ရေဖုံးလွှမ်းသွားခဲ့တဲ့ အတွေ့အကြုံ ရှိခဲ့တဲ့ အတွက် အခုလည်း အလားတူ ဖြစ်လာမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

အနီးအနားက ကျေးရွာတချို့ ရေလွှမ်းမိုး ခံရပြီး ရေက မြို့အခြေကိုရောက်နေပြီး အဲဒီရေတွေ မြို့ထဲ ဝင်လာမှာ စိုးရိမ်နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
စေတုတ္ထရာမြို့ ရေဖုံးမှာ စိုးရိမ်နေ စေတုတ္ထရာမြို့ ရေဖုံးမှာ စိုးရိမ်နေ Reviewed by THITHTOOLWIN on 23:45 Rating: 5
Powered by Blogger.