YBS 85 ယာဉ် အရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်းပေါ်လမ်းလျှောက်နေသူနှင့် ဓာတ်တိုင်တိုက်မှုဖြစ်


ရန်ကုန် မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့ ဘုရင့်နောင်လမ်း ဆင်မလိုက်သင်္ဘောကျင်းမှတ်တိုင်အနီးတွင် မေ ၂၇ ရက် နံနက် ၉ နာရီခွဲက YBS 85 ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးပလက်ဖောင်းပေါ်တက်ပြီး လမ်းလျှောက်နေသူနှင့် ဓာတ်တိုင်အား ၀င်တိုက်မိကြောင်း သိရသည်။

ဖြစ်စဉ်မှာ သာကေတဂိတ်မှ ဒဂုံဧရာအဝေးပြေးတူးချောင်းဂိတ်သို့ ထွက်ခွာလာသည့် YBS 85 ယာဉ်လိုင်းမှ ယာဉ်အမှတ် YGN 4N\-----(အပြာဖြူကြားရောင်) မောင်းနှင်လာသည့် ယာဉ်မောင်း(စုံစမ်းဆဲ) ယာဉ်သည် ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်း ဆင်မလိုက်သင်္ဘောကျင်းမှတ်တိုင်အနီး ဆင်မလိုက်သင်္ဘောကျင်းအိမ်ရာ ရှေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးပလက်ဖောင်းပေါ် လမ်းလျှောက်နေသူနှင့် လမ်းမီးဓာတ်တိုင်ကို ၀င်တိုက်ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါလာသူ ခရီးသည် မခင်ကြူကြူ (၃၇) နှစ် ထန်းတပင် ကျူချောင်းကျေးရွာနေသူတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ပလက်ဖောင်းပေါ်လမ်းလျှောက်နေသူ ကိုအောင်မျိုးခိုင်(၂၉)နှစ် သင်္ဘောကျင်းအိမ်ရာနေသူတွင် ညာခြေသလုံးကျိုးဒဏ်ရာရရှိခဲ့ပြီး လမ်းမီးဓာတ်တိုင်မှာ ကျိုးကျပျက်စီးခဲ့သည်။ ယာဉ်တိုက်မှုဖြစ်ရာသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ စမ်းချောင်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ လူမှုကူညီရေးအသင်းများ ၀ိုင်းဝန်းကူညီခဲ့ကြသည်။

သို့ပါ၍ ကမာရွတ်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ ယာဉ်မဆင်မခြင်မောင်းသူ YBS 85 ယာဉ်လိုင်းမှ ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်မောင်းအား အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်အောင်လှိုင်(ညောင်လေးပင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
YBS 85 ယာဉ် အရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်းပေါ်လမ်းလျှောက်နေသူနှင့် ဓာတ်တိုင်တိုက်မှုဖြစ် YBS 85 ယာဉ် အရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်းပေါ်လမ်းလျှောက်နေသူနှင့် ဓာတ်တိုင်တိုက်မှုဖြစ် Reviewed by THITHTOOLWIN on 17:56 Rating: 5
Powered by Blogger.