Nakba Dayတွင် ပါလက်စတိုင်း နေရာအနှံ့အပြား၌ ပဋိပက္ခများ ထပ်မံဖြစ်ပွား

မေ ၁၅ ရက်က ဆန္ဒပြမှုကြောင့် ဖြစ်ပွားခဲ့သော ပါလက်စတိုင်း-အစ္စရေးအကြား ပဋိပက္ခများ (ဓာတ်ပုံ- ဆင်ဟွာ )
 ဂါဇာ ၊ မေ  ၁၆ ရက်(ဆင်ဟွာ)

    မေလ ၁၅ ရက် ပါလက်စတိုင်း နှစ် ၇၀ ပြည့် Nakba Day တွင် ပါလက်စတိုင်း မြို့အများအပြား၌ ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး အစ္စရေးလုံခြုံရေးစစ်သားများနှင့်ပဋိပက္ခ ဖြစ်ပွားခဲ့သောကြောင့် ပါလက်စတိုင်း ၂ ဦး သေဆုံးကာ လူ ၁၆၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အစ္စရေးနယ်စပ်နှင့်ကပ်လျက်ရှိသော ဂါဇာဒေသ အလယ်ပိုင်းတွင်  မေလ ၁၅ ရက်က ပါလက်စတိုင်း ၂ ဦးအား အစ္စရေးစစ်သားများက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ၎င်းဒေသကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Ashraf al-Qedra က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဂျော်ဒန်မြစ် အနောက်ကမ်းစပ်မြို့ဖြစ်သည့် ရာမာလာ (Ramallah) ၊နာဘလူးစ်(Nablus) စသည့် နေရာများတွင်လည်း ဆန္ဒပြလှုပ်ရှားမှုများကြောင့် အစ္စရေးစစ်သားများနှင့်ပဋိပက္ခဖြစ်ပွားခဲ့ရာ ပါလက်စတိုင်း ၁၆၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း Ashraf al-Qedraက ဆိုသည်။

အမေရိကန်သည် မေလ ၁၄ ရက်နေ့က  အစ္စရေးနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကို တဲလ်အဗစ် မှ ဂျေရုဆလင် သို့ ပြောင်းရွှေ့ခဲ့သောကြောင့် ထို့နေ့တွင် ပါလက်စတိုင်း မြို့အများအပြား၌ ဆန္ဒပြမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ပါလက်စတိုင်း ၆၁ ဦး သေဆုံးခဲ့ပြီး လူ ၃၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

၁၉၄၈ ခုနှစ် မေလ ၁၄ ရက် တွင် အစ္စရေးနိုင်ငံတည်ထောင်ပြီး နောက်တစ်နေ့၌ အရှေ့အလယ်ပိုင်း စစ်ဖြစ်ပွားခဲ့သောကြောင့် ပါလက်စတိုင်း ၁ သန်း နီးပါး ခိုကိုးရာမဲ့ ဒုက္ခသည်ဖြစ်ခဲ့ရာ ပါလက်စတိုင်းတို့ က အဆိုပါ မေလ ၁၅ ရက်နေ့ကို “ကပ်ဘေးသင့်သည့်နေ့ (Nakba Day)” ဟု သတ်မှတ်ခဲ့ကြသည်။

(Xinhua)
http://xinhuamyanmar.com
Nakba Dayတွင် ပါလက်စတိုင်း နေရာအနှံ့အပြား၌ ပဋိပက္ခများ ထပ်မံဖြစ်ပွား Nakba Dayတွင် ပါလက်စတိုင်း နေရာအနှံ့အပြား၌ ပဋိပက္ခများ ထပ်မံဖြစ်ပွား Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.