ရေဖြူမြို့နယ် ဓမင်းဆိပ်ကျေးရွာကမ်းခြေ၌ ဧရာမဝေလငါးမန်းကြီး တစ်ကောင် ထပ်မံရရှိ


ထားဝယ် မေ ၁၄

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲ ကံပေါက်တိုက်နယ် ဓမင်းဆိပ်ကျေးရွာကမ်းခြေ၌ မေ ၁၃ ရက် ညနေပိုင်းက သုံးကောင်မြောက် ဝေလငါးမန်းကြီးတစ်ကောင် ထပ်မံရရှိခဲ့ကြောင်း သိရသည်။

ဒေသခံ ဦးကိုကိုဇော်က ''အဲဒီကမ်းခြေမှာ အဲဒီလိုငါးကြီးတွေကို မေ ၁၁ ရက်က တစ်ကောင်နဲ့ မတ်လတုန်းက တစ်ကောင်ရရှိပြီးပြီ၊ အခုတစ်ကောင်နဲ့ဆို သုံးကောင်ရှိပြီ''ဟု ပြောသည်။
အဆိုပါကျေးရွာမှာ တံငါရွာကလေးဖြစ်ပြီး ပင်လယ်ပြင်၌ ငါး၊ ပုစွန်တို့ကို ဝါးလုံးတိုင်ရိုက်စိုက်ကာ ထောင်ဖမ်းရသည့် ကျားပါးစပ်ပိုက်လုပ်ငန်း လုပ်ကိုင်ကြ သည်။ ထိုဧရာမငါးကြီးတို့ကို ကျားပါးစပ်ပိုက်တွင် ဖမ်းမိသဖြင့် အသေရရှိကာ ကျေးရွာသားများက ကမ်းခြေသို့ ဆွဲယူလာခဲ့ခြင်းဖြစ်သည်။

ငါးကြီး၏အရှည်မှာ ၁၈ ပေခန့်၊ ငါးဦးခေါင်းနှင့် ဝမ်းဗိုက်စပ်ကြားတွင် လုံးပတ် ၁၄ ပေခန့်နှင့် ငါးဆူးတောင်ယပ်ပြားအရှည် လေးပေခန့်ရှိကြောင်း၊ ထားဝယ် ဒေသ၌ ထိုငါးကြီးကို ဝဇီပြောက်၊ ငါးမန်းပြောက်၊ ငါးမန်းဘလောင်းဟု ခေါ်ကြောင်း သိရသည်။

ထိုငါးကြီးမှာ ရှားပါးသော ဝေလငါးမျိုးစိတ်ဖြစ်ပြီး ဝေလငါးမန်း (Whale Shark) ဟုခေါ်ကြောင်း၊ ပင်လယ်ပြင်တွင် ရေညှိရေမှော်များကိုသာ စားသုံးတတ် ပြီး အခြားငါးကလေးအုပ်စုများဖြင့် ရောနှောသွားလာနေတတ်ကာ လူကိုလည်း ရန်မပြုတတ်ကြောင်းနှင့် စီဘူးကျွန်း ဖိလစ်ပိုင်နိုင်ငံ ပင်လယ်ကမ်းခြေတို့၌ တွေ့ရှိ ရကြောင်း သိရသည်။

သတင်း-သန်းဌေး(ဒလ)၊ ဓာတ်ပုံ-စန်းဝဠာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေဖြူမြို့နယ် ဓမင်းဆိပ်ကျေးရွာကမ်းခြေ၌ ဧရာမဝေလငါးမန်းကြီး တစ်ကောင် ထပ်မံရရှိ ရေဖြူမြို့နယ် ဓမင်းဆိပ်ကျေးရွာကမ်းခြေ၌ ဧရာမဝေလငါးမန်းကြီး တစ်ကောင် ထပ်မံရရှိ Reviewed by THITHTOOLWIN on 11:40 Rating: 5
Powered by Blogger.