ရည်းစားစကားပြောဆိုမှု လက်မခံသည့်အတွက် ဓားဖြင့်ထိုးမှုဖြစ်ပွား


မေ ၁၆

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၇၈လမ်းနှင့် မြဝတီမင်းကြီးလမ်းထောင့်ရှိ အဆောက်အအုံဆောက် လုပ်နေသည့် ဆောက်လုပ်ရေးလိုင်းခန်းအနီးတွင် မေလ (၁၅)ရက်နေ့ ညပိုင်း (၇)နာရီခွဲအချိန်ခန့်က ရည်းစားစကားပြောဆိုမှု လက်မခံအတွက် ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့သည် ။

ဖြစ်စဉ်မှာ ဓါးဖြင့်ထိုးခံရသည့် မသန်းအေးကြည် နှင့် ညီမဖြစ်သူ မငြိမ်းငြိမ်းမြင့် တို့ စကားပြောနေစဉ် မသန်းအေးကြည်အား ချစ်ကြိုက်နေသည့် မျိုးနိုင်ဝင်း ရောက်ရှိလာပြီး သမီးရည်စားစကားထပ်မံပြောဆိုရာ လက်မခံသည့်အတွက် မျိုးနိုင်ဝင်း က ပါလာသည့်ဓါးဖြင့် မသန်းအေးကြည်အား ထိုးခဲ့ခြင်းဖြစ်သည် ။

ဓားဖြင့် ထိုးလိုက်သည့်အတွက် မသန်းအေးကြည်တွင် ရင်ဘတ်ထိုးသွင်းဒဏ်ရာ(၄)ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာဝမ်းဗိုက်ဘေးထိုးသွင်းဒဏ်ရာတစ်ချက်၊ လည်ပင်းထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲလက်မောင်းပြတ်ရှဒဏ်ရာ၊ ယာလက်မောင်းထိုးသွင်းဒဏ်ရာနှစ်ချက်၊ ဝဲပခုံးထိုးသွင်းဒဏ်ရာတစ်ချက်တို့ရရှိခဲ့ပြီး နေရာတွင်သေဆုံးသွားခဲ့ကာ ဝင်ရောက်တားမြစ်သော မငြိမ်းငြိမ်းမြင့်ကိုပါ ဓားဖြင့်ဆက်လက်ထိုးရာ ဦးခေါင်းထိပ်ပြတ်ရှဒဏ်ရာ၊ ဂုတ်ပိုးပြတ်ရှဒဏ်ရာ၊ ဝဲပခုံးထိုးသွင်းဒဏ်ရာ(၄)ချက်၊ ၀ဲလက်မောင်းပြတ်ရှဒဏ်ရာ၊ဝဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာနှင့် ဝဲဘက်လက်ညှိုးလက်မပြတ်ရှဒဏ်ရာများရရှိသဖြင့် ဆေးရုံသို့တင်ပို့ခဲ့ရသည် ။

ဓားဖြင့်ထိုးသူ မျိုးနိုင်ဝင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည့်အတွက် ၎င်း၏ ဇာတိဖြစ်သော မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာသို့ ညတွင်းချင်း လိုက်လံဖမ်းဆီးခဲ့ရာ တရားခံဖမ်းဆီးရမိခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့မရဲစခန်း က သိရသည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မငြိမ်းငြိမ်းမြင့်က ပြည်ကြီးတံခွန်မြို့မရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ (ပ)၃၅၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂/၃၂၆ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည် ။

နိုင်လင်းဦး
The Fifth Wave News
https://www.facebook.com/fifthwavenews/
ရည်းစားစကားပြောဆိုမှု လက်မခံသည့်အတွက် ဓားဖြင့်ထိုးမှုဖြစ်ပွား ရည်းစားစကားပြောဆိုမှု လက်မခံသည့်အတွက် ဓားဖြင့်ထိုးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.