ပွင့်ဖြူမြို့နယ်၌ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ်(၁၂၅)လုံး၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် ဘုရားတစ်ဆူ ထီးတော်မြေခ
ပွင့်ဖြူ မေ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မေ ၁၀ ရက်၊ ယမန်နေ့ညနေ ၇ နာရီ ၂၀ မိနစ်အချိန်ခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး ၊ အဆိုပါ လေပြင်းတိုက်ခတ်မှုအရှိန်ကြောင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများမှ လူနေအိမ်(၁၂၅)လုံး၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့ အမိုးလန်ပျက်စီးခြင်းနှင့် ဘုရားတစ်ဆူ ထီးတော်မြေခမှု ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ပွင့်ဖြူမြို့နယ်တွင် မေ ၁၀ ရက်နေ့ ညနေ ၇ နာရီ မိနစ် ၂၀ အချိန်ခန့်က မိုးရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ရာ အဆိုပါ လေပြင်းတိုက်ခတ်မှုအရှိန်ကြောင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ကနီကျေးရွာအုပ်စု- ကနီကျေးရွာတွင် လူနေအိမ်(၂၂)လုံး ၊ ချင်းကုန်းကျေးရွာတွင် လူနေအိမ်(၁)လုံးနှင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း အမိုးလန်ပျက်စီးခြင်း၊ ရွာသစ်ကျေးရွာတွင် လူနေအိမ်(၄)လုံး၊ ဇီးကုန်းကျေးရွာတွင် လူနေအိမ်(၄)လုံး၊ အရှေ့အင်းကုန်း ကျေးရွာတွင် လူနေအိမ်(၂)လုံး ၊ မဒဲကျေးရွာအုပ်စု - မဒဲ(မ)ကျေးရွာတွင် လူနေအိမ်(၅၃)လုံး ၊ မဒဲ(တ)ကျေးရွာတွင် လူနေ အိမ်(၄)လုံး ၊ ထိန်အိုင်ကျေးရွာတွင် လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီးခြင်း၊ ကျစ်ကိုင်းကျေးရွာအုပ်စုရှိ မြို့စဖိုလ်ဘုရားကြီး အရှေ့ဘက်မျက်နှာစာရှိ ဥာဏ်တော်အမြင့် ၃၅ ပေခန့် လေးမျက်နှာအရံစေတီတော် ထီးတော်မြေခမှု ဖြစ်ပွားခဲ့ခြင်းနှင့် ကျစ်ကိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၄)ရွာမှ လူနေအိမ်(၃၃)လုံး အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ရာ ၊ ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာများမှ စုစုပေါင်း လူနေအိမ်(၁၂၅)လုံးနှင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး ၊ ဘုရားတစ်ဆူ ထီးတော်မြေခ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ လတ်တလောအခြေအနေတွင် အဆိုပါ လေဘေးသင့်ပျက်စီးခဲ့သည့် လူနေ အိမ်များ ၊ ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားတစ်ဆူ ထီးတော်မြေခမှုတို့အား ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် မြို့ပေါ်ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် အဆိုပါ လေပြင်းတိုက်ခတ်မှုအရှိန်ကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပွင့်ဖြူမြို့နယ်၌ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ်(၁၂၅)လုံး၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် ဘုရားတစ်ဆူ ထီးတော်မြေခ
Reviewed by THITHTOOLWIN
on
17:42
Rating:
