တိုက်ပွဲကြားက ပြည်သူလွတ်မြောက်ရေး တောင်းဆိုသူ ၃ဦး အသရေဖျက်မှုနဲ့ တပ်မတော်တရားစွဲ

ကချင်စစ်ပွဲ ရပ်တန့်ရေး ရန်ကုန်တွင် ဆန္ဒပြ
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ၂ ဘက်တပ်တွေကြားထဲမှာ ရောက်နေတဲ့ ပြည်သူတွေ လွတ်မြောက်ဖို့ မြစ်ကြီးနားမှာ ဦးဆောင် ဟောပြောသူ ၃ ဦးကို အသရေဖျက်မှု ပုဒ်မ ၅၀ဝနဲ့ တပ်မတော်က တရားစွဲဆို လိုက်ပါတယ်။

တိုက်ပွဲတွေအကြား ရောက်နေတဲ့ ပြည်သူတွေ လွတ်မြောက်ဖို့ နိုင်ငံတဝန်းမှာ တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်သူ အများစုကို ငြိမ်းချမ်းစွာ စုဝေး စီတန်းခွင့် ဥပဒေပုဒ်မနဲ့ ဖမ်းဆီး တရားစွဲထားပေမယ့် မြစ်ကြီးနားက ဦးဆောင်သူ ၃ ဦးကို အသေရေဖျက်မှုနဲ့ တပ်မတော်ဘက်က တရားစွဲဆိုမှုက ထူးခြားမှု တခု ဖြစ်နေပါတယ်။

မြောက်ပိုင်းတိုင်းလက်အောက်ခံ တပ်တခုက ဒုတိယ ဗိုလ်မှူးကြီးတဦးက တရားလိုလုပ် စွဲဆိုလိုက်တာ ဖြစ်ပြီး မေလ ၁၆ ရက်နေ့မှာ တရားရုံးကို လာဖို့ ဆင့်ခေါ်ထားတယ်လို့ တရားစွဲခံရတဲ့ထဲမှာပါတဲ့ တိုက်ပွဲကြားက ပြည်သူလွတ်မြောက်ရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ဒေါ်နန်ပူက ပြောပါတယ်။

တရားရုံးဦးတိုက် လျှောက်ထားခံရသူတွေထဲမှာ ဒေါ်နန်ပူအပြင် ဦးလွမ်းဇောင်းနဲ့ ဦးဇော်ဂျတ်တို့လည်း ပါဝင်နေပါတယ်။

တရားစွဲခံရတဲ့ထဲမှာပါတဲ့ ဦးဇော်ဂျတ်က သူတို့ကို ဘယ်အထောက်အထားနဲ့စွဲတယ်ဆိုတာ မသိရသေးလို့ မေ ၁၆ ရက်နေ့ မြစ်ကြီးနားတရားရုံးမှာ သွားရောက်ရင်ဆိုင်ဖြေရှင်းမယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ တိုက်ပွဲကြားကပြည်သူတွေလွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့သူ ၁၉ ဦး ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၂ဝနဲ့ အမှုဖွင့်ထားသလို မန္တလေးမှာ ၅ဦးကို ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၉နဲ့ အမှုဖွင့်ပြီး ကဗျာဆရာတဦးကိုတော့ ထောင် ၂လချထားပါတယ်။

မြစ်ကြီးနားမနောကွင်းမှာ ဦးဆောင်ခဲ့သူ ၂ ဦးကိုတော့ ပုဒ်မ ၁၉နဲ့ ဒဏ်ငွေ ၃သောင်းစီ ချမှတ်ခဲ့သလို ပဲခူးတိုင်း နတ္တလင်းမှာ ဆန္ဒထုတ်ဖေါ်ခဲ့သူ ၁၅ဦးကိုလည်း နယ်မြေခံ ရဲက ဖမ်းဆီးထားပါတယ်။

တကယ်လို့ ပုဒ်မ ၅၀ဝနဲ့ စွဲဆိုတာ အထမြောက်ခဲ့ပါက ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ငွေဒဏ်ကျခံနိုင်ပြီး နှစ်ရပ်လုံးလည်းချလို့ ရတယ်လို့ ရာဇသတ်ကြီး ဥပဒေမှာ တွေ့ရှိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
တိုက်ပွဲကြားက ပြည်သူလွတ်မြောက်ရေး တောင်းဆိုသူ ၃ဦး အသရေဖျက်မှုနဲ့ တပ်မတော်တရားစွဲ တိုက်ပွဲကြားက ပြည်သူလွတ်မြောက်ရေး တောင်းဆိုသူ ၃ဦး အသရေဖျက်မှုနဲ့ တပ်မတော်တရားစွဲ Reviewed by THITHTOOLWIN on 09:47 Rating: 5
Powered by Blogger.