အန်နဝါ အီဘရာဟင် အကျဉ်းထောင်က လွတ်ပြီ


မလေးရှားနိုင်ငံရေးသမား အန်နဝါ အီဘရာဟင်က သူ ထောင်ကနေ လွတ်အပြီးမှာ သူ့နိုင်ငံမှာ အရုဏ်ဦး ထွန်းတောက်လာပြီလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အသက် ၇ဝ အရွယ် မစ္စတာ အန်နဝါကို လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ဒုတိယအကြိမ် အကျဉ်းချခဲ့တာ ဖြစ်ပြီး လိင်တူချင်း ဆက်ဆံတယ် ဆိုတဲ့ မဟုတ်မမှန် စွဲချက်တွေနဲ့ စွပ်စွဲ ထိန်းသိမ်းခဲ့တာလို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မစ္စတာ မဟာသီယာ မိုဟာမက် ဦးဆောင်တဲ့ ညွန့်ပေါင်း ပါတီ အနိုင်ရခဲ့အပြီး ဘုရင့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ မစ္စတာ အန်နဝါ လွတ်လာခဲ့တာပါ။
မလေးရှားဘုရင်နဲ့ အန်ဝါတို့ မောင်နှံ
မစ္စတာ အန်နဝါက မစ္စတာ မဟာသီယာနဲ့ ရန်ငြှိုးရန်စတွေကို ပြည်ဖုံးကား ချပြီး မလေးရှားနိုင်ငံ ပြုပြင်ပြောင်းလဲရာမှာ မစ္စတာ မဟာသီယာ လိုအပ်တဲ့ ကူညီမှုတွေကို သူဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

မလေးရှားနိုင်ငံကို ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဦးဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း မစ္စတာ မဟာသီယာက လာမယ့်နှစ်နှစ်အတွင်း သူ ရာထူးက ဆင်းပေးပြီး မစ္စတာ အန်နဝါကို ဝန်ကြီးချုပ် နေရာ လွှဲပေးမယ်လို့ ပြောပါတယ်။

မစ္စတာ အန်နဝါဟာ ပြန်လွတ်လာပြီးနောက် ဒီမိုကရေစီနဲ့လွတ်လပ်မှုအတွက် ရပ်တည်ပေးခဲ့ကြတဲ့ မလေးရှားပြည်သူလူထုကို ကျေးဇူးတင်ကြောင်း သတင်းစာရှင်းလင်းပွဲတခုမှာ ပြောဆိုလိုက်ပါတယ်။

အန်နဝါ အသက်ရှည်ပါစေ လို့ ထောက်ခံသူတွေက နန်းတော်ဝင်းထဲဝင်ပြီး ကြွေးကြော် အော်ဟစ်ခဲ့ပါတယ်။

''အန်နဝါဟာ ကျွန်တော့်လိုပဲ မလေးရှားရဲ့ လွတ်လပ်မှု သင်္ကေတဖြစ်တယ် '' လို့ အသက် ၅၉ နှစ်ပြီဖြစ်တဲ့ အာမက် ဆမ်ဆူဒင်းကဘီဘီစီကိုပြောပါတယ်။

နောက်ဆုံးမှာတော့ မလေးရှားနိုင်ငံရဲ့ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ မမျှတမှုတွေဟာ အပြောင်းအလဲတခုကို ပေါ်လာနေပြီလို့ ခံစားရကြောင်း သူကဆိုပါတယ်။ ဒီကနေ့ ဟာ အန်နဝါရဲ့ လွတ်မြောက်မှုနဲ့အတူ ဒီထက်ပိုကောင်းတာတွေရရှိလာမယ့် သမိုင်းဝင်နေ့ဖြစ်တယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
အန်နဝါ အီဘရာဟင် အကျဉ်းထောင်က လွတ်ပြီ အန်နဝါ အီဘရာဟင် အကျဉ်းထောင်က လွတ်ပြီ Reviewed by THITHTOOLWIN on 18:22 Rating: 5
Powered by Blogger.