ကလေးတွေကို အဓမ္မပြုကျင့်ခဲ့မှုနဲ့ သံဃာတော်တစ်ပါးကို ရဲတိုင်ထား

သက်ငယ်မုဒိန်းမှုတွေ ပိုများလာ
ပုသိမ်မြို့နယ် ရေသိုးကျေးရွာက မိန်းကလေးငယ် ၄ ဦးကို စိတ္တသုခ ကျောင်းထိုင် ဆရာတော်က အဓမ္မ ပြုကျင့်ခဲ့တယ်ဆိုပြီး ကလေးမိဘတွေက သလပ်ခွာ ရဲစခန်းမှာ တိုင်ကြားထားပါတယ်။

အခုလို ပြုကျင့်ခံရတယ်ဆိုတဲ့ ကလေးတွေဟာ အသက် ၁၀ နှစ်နဲ့ ၁၄ နှစ် ၀န်းကျင် မိန်းကလေးတွေ ဖြစ်ပြီး သူတို့တက်နေတဲ့ ကျောင်းနဲ့ နေအိမ်နဲ့ အလှမ်းဝေးတာကြောင့် အဲဒီ့ဘုန်းကြီးကျောင်းမှာ ကျောင်းအိပ် ကျောင်းစား နေထိုင်သူတွေ ဖြစ်ပါတယ်။

ဆရာတော်ကလည်း စိတ္တသုခကျောင်းကို လာရောက် ကျောင်းထိုင်တာ ၇ နှစ်လောက်ရှိပြီး သံဃာဝတ်နဲ့ ရွာအနီးတစ်ဝိုက်မှာ ဆေးကုပေးတာတွေ ရှိတယ်လို့ သိရပါတယ်။

ဒီအမှုကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားပြီး သံဃ နယက ကိုလည်း လျှောက်ထား ထားတယ်လို့ ဧရာဝတီတိုင်း ဒုတိယ ရဲမှူးကြီး ဦးခင်မောင်လတ်က ဘီဘီစီကို ပြောပါတယ်။

တိုင်ကြားခံရတဲ့ ဆရာတော် ဦးနန္ဒာသီရိ ကတော့ လက်ရှိမှာ ထွက်ပြေး တိမ်းရှောင်နေပေမယ့် အမြန်ဆုံး ဖမ်းမိဖို့ ရဲတပ်ဖွဲ့က ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ ဘာသာ သာသနာအတွက် ဆိုးဝါးတဲ့ ကိစ္စဖြစ်လို့ အမှုမှန် အမြန်ဆုံး ပေါ်ပေါက်စေချင်တယ်လို့ ရေသိုးကျေးရွာ ရာအိမ်မှူး ဦးစောဝင်းက ပြောပါတယ်။

အခုနောက်ပိုင်း သက်ငယ်မုဒိန်းမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားခံရသူတွေထဲမှာ သံဃာတော်တွေလည်း ပါဝင်လာတာကြောင့် သံဃာတွေရဲ့ နောက်ကြောင်းနဲ့ ပတ်သက်လို့ မဟာ သံဃ နယက ကနေ စိစစ်ပေးစေချင်တယ်လို့ ဦးစောဝင်းက အကြံပြုပါတယ်။

လက်ရှိမှာတော့ အဲဒီ့ဘုန်းကြီးကျောင်းကို သံဃ နယက ဆရာတော်တစ်ပါးက လာပိတ်ထားတယ်လို့ ရွာသားတွေက ပြောပါတယ်။

အခုနောက်ပိုင်း သက်ငယ် မုဒိန်းမှုတွေ အဖြစ်များလာတဲ့အတွက် မြို့ကြီးတွေကော ကျေးရွာဒေသတွေမှာပါ မိဘဖြစ်သူတွေနဲ့ ကလေးတွေကို အသိပညာပေးတာတွေ အများအပြား လုပ်သင့်တယ်လို့ တိုက်တွန်း ပြောဆိုနေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကလေးတွေကို အဓမ္မပြုကျင့်ခဲ့မှုနဲ့ သံဃာတော်တစ်ပါးကို ရဲတိုင်ထား ကလေးတွေကို အဓမ္မပြုကျင့်ခဲ့မှုနဲ့ သံဃာတော်တစ်ပါးကို ရဲတိုင်ထား Reviewed by THITHTOOLWIN on 01:45 Rating: 5
Powered by Blogger.