ဖားကန့်မြို့နယ်တွင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီအား ကုမ္ပဏီဝန်ထမ်းများက မီးရှို့ဖျက်ဆီး


ဖားကန့် - မေ ၁၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ရတနာရွှေအိတ်ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွင် မေ၁၃ရက် ည၇နာရီခွဲက ကျောက်မျက်တူးဖော်ရေးကုမ္ပဏီနှင့် ကုမ္ပဏီဝန်ထမ်းများ လုပ်ခလစာညှိနှိုင်းမှုအဆင်မပြေခြင်းကြောင့် ကုမ္ပဏီဝန်ထမ်းများက ကုမ္ပဏီပိုင်ရုံးခန်းနှင့် လူနေအဆောင်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီးရှိ နိုင်ငံတော်နှင့်အကျိုးတူ ရတနာရွှေအိတ်ကျောက်မျက်ကုမ္ပဏီ၌ ယနေ့မွန်းလွဲပိုင်းက ကုမ္ပဏီဝန်ထမ်းများမှ ရာသီကုန်လုပ်ကွက်သိမ်းချိန်အား မေ(၁၅)ရက်နေ့တွင်ရပ်ဆိုင်းပေးလိုကြောင်း၊အချိန်ပိုလုပ်ခများအား ရယူလိုကြောင်း တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ ကုမ္ပဏီဝန်ထမ်းများနှင့် ညှိနှိုင်းမှုအဆင်မပြေဖြစ်ရာမှ ဆန္ဒပြမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွင် ဝန်ထမ်း(၂၅၀၀)ဦးရှိသည့်အနက် ဝန်ထမ်း(၁၀၀၀)ခန့်မှ ယနေ့ည၇နာရီခွဲအချိန်တွင် ကုမ္ပဏီရုံးခန်းနှင့် လူနေအဆောင်များအား ခဲများဖြင့်ပစ်ပေါက်ခြင်း အကြမ်းဖက်ခြင်းများပြုလုပ်ခဲ့ရာ ကုမ္ပဏီလုံခြုံရေးတာဝန်ကျ နယ်မြေခံရဲတပ်ဖွဲ့က သေနတ်မိုးပေါ်ထောင်ဖောက်၍ ခြောက်လှန့်ခဲ့သော်လည်း ပြန်လည်ထွက်ခွာသွားခြင်းမရှိပဲ ကုမ္ပဏီရုံးခန်းအပါအဝင် လူနေအိပ်ဆောင်(၅)လုံး၊ဘက်ဟိုးတစ်စီး၊ဂါလံ(၂၄၀၀)ဆံ့ ဆီလှောင်တိုင်ကီ(၆)လုံးတို့အား မီးရှို့ထွက်ပြေးခဲ့ကြကြောင်းနှင့် ၎င်းဖြစ်စဉ်တွင်ပါဝင်ပတ်သက်သူ(၂၀)ဦးအား ထိန်းသိမ်းထားရှိကာ မီးငြိမ်းသတ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာ၌ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှုး ယာယီရဲမှူးသန်းဝင်းအောင်၊လုံးခင်းနယ်မြေရဲစခန်းမှူး ဒုတိယရဲမှူးစိန်မြင့်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးယူထားလျက်ရှိကြောင်း သိရသည်။

ဝင်းနိုင် - ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media
ဖားကန့်မြို့နယ်တွင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီအား ကုမ္ပဏီဝန်ထမ်းများက မီးရှို့ဖျက်ဆီး ဖားကန့်မြို့နယ်တွင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီအား ကုမ္ပဏီဝန်ထမ်းများက မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 05:52 Rating: 5
Powered by Blogger.