ရန်ကုန်၊ မေ ၂၂
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆ ဧပြီ မှ ၂၀၁၇ ဒီဇင်ဘာအတွင်း ဖြစ်ပွားခဲ့သည့် အမှုများတွင် မုဒိမ်းမှုနှင့် လူသတ်မှု မှာ အများဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ယနေ့ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က ရာဇ၀တ်မှုကြီး ၁၀ မျိုးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းအတွင်း ၂၀၁၆ ဧပြီ ၁ ရက်မှ ၂၀၁၇ ဒီဇင်ဘာ ၃၁ အထိ ယင်းသို့အမှုမျိုး မည်မျှဖြစ်ပွားခဲ့သည်ကို သိရှိလိုကြောင်း မေးမြန်းမှုကို ၄င်းကဖြေကြားခြင်းဖြစ်သည်။
အဆိုပါ ရာဇ၀တ်မှုကြီး ၁၀မှုတွင် မုဒိမ်းမှု ၄၆၀ မှု ၊ လူသတ်မှု ၃၀၀ မှု ၊ ဓားပြမှု ၁ မှု ၊ လုယက်မှု ၈၄ မှုနှင့် ပြန်ပေးမှု ၁ မှု တို့ဖြစ်ကြောင်း ဗိုလ်မှူးကြီး အောင်စိုးမိုးက ထည့်သွင်းပြောကြားသည်။
ယင်းအပြင် ဖောက်ထွင်းမှု ၃ မှု၊ တိရိစ္ဆာန်ခိုးမှု ၅ မှု ၊ မတရားအသင်း ၂ မှုတို့ဖြစ်ပြီး သစ္စာဖောက်ဖျက်မှု နှင့် လက်နက်မှု ကျူးလွန်ခြင်းများ မရှိခဲ့ဘဲ စုစုပေါင်း ၈၅၆ မှုဖြစ်ခဲ့ကြောင်း ၄င်း ကဆိုသည်။
အဆိုပါ အမှုပေါင်း ၈၅၆ မှုအနက် တရားစွဲဆိုထားသည့် အမှု ၈၀၆ မှုရှိပြီး ၂၄ မှု ပိတ်သိမ်းခဲ့သဖြင့် လက်ကျန်အမှုပေါင်း ၂၆ မှု ရှိကြောင်း သိရသည်။
“ ကျန်နေတဲ့ အမှုတွေကို ရဲတပ်ဖွဲ့က ကြိုကာ(ကြိုတင်ကာကွယ်)ဖမ်းဆီးမှုတွေပြုလုပ်ရပါတယ်။ ကြိုကာဖမ်းဆီးမှု ၁၀မျိုးရှိပြီးတော့ ကြိုကာ ရှစ်သောင်းကျော် ဖမ်းဆီးခဲ့လို့ ဒီအမှုကြီးတွေမှာ လျော့နည်းကျဆင်းရခြင်းဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီး အောင်စိုးမိုးကပြောသည်။
ရန်ကုန်တိုင်းအတွင်း ယခုကဲ့သို့ မှုခင်းဖြစ်ပွားမှုများ လျော့ကျလာစေရန်အတွက် အုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများအနေဖြင့် စုံစမ်းဖော်ထုတ်မှုများတွင် ပိုမိုပါဝင်လာဖို့ စည်းရုံးသင့်ကြောင်း ၎င်းကပြောသည်။
အောင်ကျော်ထွန်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
ရန်ကုန်တိုင်းအတွင်း ၂၀၁၆ မှ ၂၀၁၇ အတွင်း မုဒိမ်းမှုနှင့် လူသတ်မှုအများဆုံးဖြစ်ပွား
Reviewed by THITHTOOLWIN
on
15:28
Rating:
