ချင်းပြည်နယ်၏ လစ်လပ်ဝန်ကြီးနေရာအစားထိုးရန် လျာထားသော ဦးစိုးထက်၏ ကိုယ်ရေးအချက်အလက် လွှတ်တော်သို့ဖြန့်ဝေ


ချင်းပြည်နယ်၏ လစ်လပ်ဝန်ကြီးနေရာအတွက် အစားထိုးပြန်လည်ခန့်အပ်ရန် အစိုးရမှ လျာထားသော ယခုလက်ရှိ အမျိုးသားလွှတ်တော်တွင် ဒုတိယ ညွန်ကြားရေးမှူးချူပ်တာဝန်ထမ်းဆောင်နေသည့် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဦးစိုးထက်၏ ကိုယ်ရေးအချက်အလက်များကို ယနေ့ကျင်းပသော ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်းက “သူက ပလက်ဝဘက်ကပါ သူ့ရဲ့ကိုယ်ရေးရာဇ၀င်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေ အကုန်လုံးလေ့လာနိုင်အောင် လွှတ်တော်မှာအကုန်ဝေပေးထားတယ် နောက်ရက်တွေမှာ ဆက်ဆွေးနွေးရမှာပေါ့” ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

လစ်လပ်သွားသည့် ၀န်ကြီးနေရာ ပြန်လည်ခန့်အပ်ရန် ပြည်နယ်အစိုးရမှ လွှတ်တော်သို့ အဆိုတင်သွင်း ရမှာဖြစ်ပြီး လွှတ်တော်မှ အတည်ပြုပြီးလျှင် နိုင်ငံတော်သမ္မတထံသို့ ထပ်မံပေးပို့ကာ သမ္မတမှခန့်အပ် ရမည်ဖြစ်သည်။

ယခုလစ်လပ်သည့် ၀န်ကြီးဌာနသည် လျှပ်စစ်/စက်မှု နှင့် စည်ပင်ဌာနဖြစ်သည့်အတွက် အဆိုပါဌာနကို ကိုင်တွယ်မည့် ၀န်ကြီးသည် ယင်းဌာန နှင့်ဟပ်စပ်သည့် ဘွှဲ့ဒီဂရီရှိ သင့်သည်ဟု ကန်ပက်လက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအား ကပြောသည်။

“သူတို့က ပညာရှင်ခေါ်တယ်လို့သာ ပြောတဲ့အတွက် လျှပ်စစ်၊ စက်မှု၊ စည်ပင်ကို ကိုင်မယ်ဆိုရင် အနည်းဆုံး B.E ဘွဲ့ အဆင့်လောက်တော့ရရင်ကောင်းမှာပေါ့ ပညာရှင်လို့ပြောတဲ့အတွက်ကြောင့် ပညာရှင်လို့ပြောမယ်ဆို ရင် ဟတ်စပ်တဲ့ဘွဲ့ဒီဂရီရရင်ကောင်းတယ်လို့’’ ဟု ဦးဖွေအားကပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လျှပ်စစ်၊ စက်မှု နှင့် စည်ပင်ဌာန ၀န်ကြီးအိုက်ဇက်ခင်သည် ဟားခါးမြို့ပြစီမံကိန်း၊ ဟားခါးဈေးတည်ဆောက်ရေးနှင့် ဖလမ်းရေးပေးရေးစီမံကိန်းများ အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် သတ်မှတ်ချိန်ကာလအတွင်း အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် တာဝန်ယူ၊ တာဝန်ခံမှုပြုသည့်အနေဖြင့် မိမိသဘောဆန္ဒအလျောက် ရာထူးတာဝန်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့ပြီး မေလ ၁၇ ရက်နေ့တွင် တရားဝင်နုတ်ထွက်ရန် နိုင်ငံတော်သမ္မတမှ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

လစ်လပ်သွားသည့် ၀န်ကြီးနေရာအတွက် ပြင်ပမှ ပညာရှင်များကိုခေါ်ယူမည့်အစား လွှတ်တော်ကိုယ်စားလှယ် ထဲမှ အရည်အချင်းရှိသူများကို ခန့်အပ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအား ကဆက်ပြောသည်။

Khonumthung Burmese
http://khonumthungburmese.org
ချင်းပြည်နယ်၏ လစ်လပ်ဝန်ကြီးနေရာအစားထိုးရန် လျာထားသော ဦးစိုးထက်၏ ကိုယ်ရေးအချက်အလက် လွှတ်တော်သို့ဖြန့်ဝေ ချင်းပြည်နယ်၏ လစ်လပ်ဝန်ကြီးနေရာအစားထိုးရန် လျာထားသော ဦးစိုးထက်၏ ကိုယ်ရေးအချက်အလက် လွှတ်တော်သို့ဖြန့်ဝေ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.