![]() |
(ဓါတ်ပုံ-၀န်ကြီးဦးကျော်အေးသိန်း ယနေ့ စစ်ဆေးခံရပြီးနောက် လွှတ်တော်မှ ထွက်လာသည်ကို တွေ့ရစဉ်) |
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းကို ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်မှု စွပ်စွဲချက်ဖြင့် လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့က ယနေ့ မေလ ၁၈ ရက်နေ့တွင် လွှတ်တော်သို့ ခေါ်ယူစစ်ဆေးခဲ့သည်။
“စွဲချက်ထဲမှာ စီမံဘဏ္ဍာဝန်ကြီးအနေနဲ့ ပြည်နယ်တာဝန်ခံအနေနဲ့ ခရိုင်မြို့ဖြစ်တဲ့ မြောက်ဦး ၄ မြို့နယ်က တင်ဒါတွေပေးတဲ့အခါမှာ ဥပဒေစည်းကမ်းနဲ့ မညီညွတ်ဘဲနဲ့ လုပ်တဲ့ဟာတွေ၊ တင်ဒါ စည်းကမ်းချိုးဖောက်တာတွေရှိတဲ့ အတွက် ဒါကို ကျနော်တို့ တင်ဒါလျှောက်ခဲ့ ကုမ္ပဏီထဲက သက်သေ ၇ ဦးကို ဒီနေ့ စစ်မေးခဲ့ပါတယ်” ဟု စုံစမ်းစစ်ဆးရေးအဖွဲ့ခေါင်းဆောင် သံတွဲမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောသည်။
အဆိုပါကုမ္ပဏီမှ သက်သေများကို စုံစမ်းစစ်ဆေးရေးအဖွဲ့မှ မေးမြန်းခဲ့သည့် အပြင် စီမံဘဏ္ဍာ ၀န်ကြီး၏ ရှေ့နေကလည်း မေးမြန်းခဲ့သည်ဟု ဆိုသည်။
“တင်ဒါစည်းမျည်းစည်းကမ်းနဲ့ မညီဘဲ ဆုံးဖြတ်တဲ့ အကြောင်းတွေကို ကျနော်တို့ သက်သေ ထွက်ဆိုခဲ့ပါတယ်။ ကျနော်က တင်ဒါ ၆ ခု တင်တဲ့ဟာမှာ တင်ဒါ ၅ ခုအောင်ပါတယ်။ ဒါပေမယ့် အပြိုင်တင်တဲ့ ကုမ္ပဏီတွေက နှစ်ခုတင်ရင် နှစ်ခုရပါတယ် ခင်ဗျ။ ကျနော်က ၅ ခု အောင်ပေမယ့် တစ်မှ လုပ်ပိုင်ခွင့်မရခဲ့ပါ။ ကျနော် ကုမ္ပဏီက အောင်ရှုံးကုမ္ပဏီပါ”ဟု ဘ၀သစ် အောင်ခိုင်ဦး ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ခိုင်ဦးက သတင်းထောက်များကို ပြောသည်။
ကျော်လွှာသဇင်ကုမ္ပဏီမှ ဦးအောင်ကျော်မြ ကလည်း “တင်ဒါ စည်းမျည်းစည်းကမ်းအရဆိုရင် ဈေးနှုန်း အနည်းဆုံး ကုမ္ပဏီကို ဦးစားပေးရမယ်ပေါ့လေ။ ပြီးတော့ ဈေးနှုန်းချင်းပြိုင်လာလို့ရှိရင် အတူတူဖြစ်လာလို့ရှိရင် ဒေသခံကုမ္ပဏီကို ဦးစားပေးရမှာပါ။ လုပ်ငန်းက အခု ၇၀၊ ကုမ္ပဏီက ၆၂၈ ခု ရောက်တယ်။ အဲ့ဒါကို သူတို့က ၁ နာရီခွဲ၊ ၂ နာရီလောက် အချိန်အတောအတွင်းမှာ သူတို့က အပြီးဖြတ်သွားတယ်။ ၆၂၈ ခုကို ၁ နာရီခွဲ အတောအတွင်းမှာ စစ်နိုင်တယ်ဆိုတော့ ဒါ ဘယ်လိုမှ သဘာဝ မကျဘူး”ဟု သတင်းထောက်များကို ပြောသည်။
စီမံဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းအား တင်ဒါကိစ္စစွဲချက်တွင် သက်သေ ၈ ဦး၊ နောက်စွဲချက် ၆ ချက်တွင် သက်သေ ၃ ဦးစီဖြင့် စုစုပေါင်း သက်သေ ၁၈ ဦးပါဝင်ပြီး သက်သေများကို မနက်ဖြန် လည်း ဆက်လက်စစ်မေးသွားမည်ဖြစ်ပြီး အပြန်အလှန်မေးမြန်းချက်နှင့် သုံးသပ်ချက် များကို အစီရင်ခံစာတွင် ထည့်သွင်းရေးသွားမည်ဟု သိရသည်။
“ဒီသက်သေတွေစုံမှ ၀န်ကြီးကို ကျနော်တို့က စစ်မေးသွားမှာပါ”ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ ခေါင်းဆောင် ဦးနိုင်ကြွေအေးက ပြောသည်။
စွပ်စွဲချက်များတွင် မီနီဘတ်ဂျက်၌ ရခိုင်ပြည်နယ်က ၅ ဘီလီယံကျော် နစ်နာခဲ့ရသည့်ကိစ္စ၊ ဈေး ၅ ဈေးကိစ္စ၊ မောင်တောကညင်ချောင် စီပွားရေးဇုန် လုပ်ငန်းအကောင်အထည် မဖော်နိုင်သည့် ကိစ္စနှင့် တင်ဒါကိစ္စများလည်း ပါဝင်ကြောင်းသိရှိရသည်။
“ကျနော်တို့ ဒီကိစ္စကတော့ အပြင်မှာ သတင်းထွက်နေတဲ့ လွှတ်တော်နဲ့ အစိုးရက ပွတ်တိုက်မှုတွေ အထိအခိုက်တွေရှိတယ်။ အဲ့ဒါကြောင့်အငြိုးအတည်းတွေနဲ့ ဒီဝန်ကြီးတွေကို လွှတ်တော်ကနေ လုပ်တယ်လို့ ထင်နေကြတာပေါ့။ ကျနော်ဆိုရင် ဒီအစိုးရအဖွဲ့ရဲ့ပါတီဝင် ဖြစ်ပါတယ်။ အခု လုပ်ရတဲ့ လုပ်ဆောင်ချက်က ကျနော်တို့ ရခိုင်ပြည်နယ်ရဲ့ စီမံကိန်းတွေ၊ တိတိကျကျနဲ့ အလေ အလွင့် မရှိအောင်၊ အကောင်အထည်ဖော်ပြီးတော့ ပေးတဲ့ဘတ်ဂျက်ကို အားလုံး လုပ်ဆောင် နိုင်အောင် အတွက် မှန်မှန်ကန်ကန် ဖြစ်နိုင်အောင် လွှတ်တော်က ထိန်းကျောင်းတဲ့ သဘောပါ”ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဦးနိုင်ကြွေအေးက ပြောသည်။
တင်ဒါကိစ္စဖြင့် ကုမ္ပဏီများကို ယနေ့ နေ့လယ် ၁၂ နာရီမှ ညနေ ၆ နာရီထိ စစ်မေးခဲ့ပြီး၊ စစ်ဆေးပြီးအထွက်တွင် စီမံဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းကို သတင်းထောက်များက မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေကြားခဲ့ခြင်း မရှိပေ။
စီမံဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းကို ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင် နိုင်သည့် အတွက် စွဲချက် ၇ ချက်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက လက်မှတ်ထိုး တင်ပြခဲ့ကြရာ လွှတ်တော်ဥက္ကဋ္ဌက ပါတီစုံမှ ပါဝင်သော ၅ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။
ထိုအဖွဲ့တွင် သံတွဲမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နိုင်ကြွေအေးက အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များမှာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဦးဦးသန်းနိုင်၊ စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဦးအေးသိန်း၊ ပုဏ္ဏားကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဦးအောင်သန်းတင်နှင့် မောင်တောမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဦးထွန်းလှစိန်တို့ ပါဝင်ကြောင်း သိရသည်။
စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ရခိုင်စီမံဘဏ္ဍာဝန်ကြီး လွှတ်တော်တွင် စတင်စစ်ဆေးခံရ
Reviewed by THITHTOOLWIN
on
00:10
Rating:
