![]() |
ကုလသမဂ္ဂ အပါအဝင် တကမ္ဘာလုံးက အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး ကမ္ဘာလုံးဆိုင်ရာ ညီလာခံ ကျင်းပ အဖြေရှာဖို့ တိုက်တွန်းချက်လည်း ပါဝင် |
အဲဒီ ဘုံသဘောတူထားတဲ့ အကြံပြုချက်တွေထဲမှာ ရခိုင် အရေး ကိစ္စကို ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေ အတိုင်း ဆက်လက် ဆောင်ရွက်ဖို့ အပါအဝင် အဓိကအားဖြင့် မြန်မာပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ညီလာခံ ကျင်းပပြီး ပူးပေါင်း အဖြေရှာဖို့ တိုက်တွန်းချက်လည်း ပါဝင်ပါတယ်။
ကုလသမဂ္ဂ အပါအဝင် တကမ္ဘာလုံးက အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး အဲဒီ ညီလာခံ ကျင်းပဖို့အတွက် ငြိမ်းချမ်းရေးအတွက် ဘာသာရေး ဆိုတဲ့ ပြည်တွင်း အဖွဲ့အစည်းနဲ့ ပြည်ပက အလားတူ အဖွဲ့အစည်းတို့ ချိတ်ဆက် ဆောင်ရွက်ဖို့လည်း အကြံပြုခဲ့တယ်လို့ အင်္ဂလိကန် အသင်းတော် ဥက္ကဋ္ဌဟောင်းဖြစ်သူ ဘာသာပေါင်းစုံ အမျိုးသမီးများ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ရင်ရင်မော်က ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရေး ပညာရေးစနစ်ကို နိုင်ငံတကာနဲ့ အညီလုပ်ဖို့၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ယုံကြည်မှု တည်ဆောက်ရာမှာ ပဋိပက္ခတွေ ဖြစ်မလာခင်မှာလည်း တားဆီးရေး အတွက် အသိပညာပေးဖို့ အချက်အလက်တွေ ပါဝင်တယ်လို့လည်း ဒေါ်ရင်ရင်မော်က ပြောပါတယ်။
မြန်မာ့ပဋိပက္ခ အဖြေရှာဖို့ ဘာသာရေးခေါင်းဆောင်တွေဆုံ
ဘာသာပေါင်းစုံ ဆုတောင်းပွဲလူသောင်းချီတက်
ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီ အကြံပြုချက်တွေ ပေးအပ်တာကို ကြိုဆိုကြောင်း ပြောဆိုခဲ့ပေမယ့် ကမ္ဘာလုံးဆိုင်ရာ ညီလာခံ ကျင်းပရေး အကြုံချက်ကိုတော့ မှတ်ချက်မပေးခဲ့ဘူးလို့ အခုလို သွားရောက် ပေးအပ်တဲ့ အထဲမှာ ပါဝင်တဲ့ ဒေါ်ရင်ရင်မော်က ဆက်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ဘာသာရေးခေါင်းဆောင်တွေ အနေနဲ့ မြန်မာနိုင်ငံ အတွက်သာမက တကမ္ဘာလုံးရဲ့ အနာဂတ် အတွက်လည်း ငြိမ်းချမ်းရေးနဲ့ မေတ္တာတရား တိုးပွားအောင် ဆောင်ရွက်ရေးမှာ အားပေး လှုံ့ဆော်ပေးဖို့ ပြန်လည် မေတ္တာ ရပ်ခံခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး နည်းလမ်းရှာဖို့အတွက် ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ် ဘို ရဲ့ ဖိတ်ကြားမှု အရ နော်ဝေ၊ ဂျပန်နဲ့ အရှေ့တောင်အာရှက ဘာသာရေးခေါင်းဆောင်တွေက ပြည်တွင်းက ဘာသာရေး ခေါင်းဆောင်တွေနဲ့ အတူ မေလ ၂၃ နဲ့ ၂၄ ရက်နေ့မှာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဘာသာစုံ ခေါင်းဆောင်တွေက ဒေါ်စုကို ဘာတွေ အကြံပြုခဲ့သလဲ
Reviewed by THITHTOOLWIN
on
11:15
Rating:
