(၉) ကြိမ်တိတိ တရားလိုမရောက်၍ မြောက်ဦးမှ အဖမ်းခံထားရသူရှစ်ဦး အမှုစစ်ဆေးရာတွင် နစ်နာမှုရှိနေ


နိရဉ္စရာ၊ မေ ၁၈

မြောက်ဦးဆန္ဒပြပွဲတွင် သေနတ်ထိမှန် ဒဏ်ရာရပြီး ဖမ်းဆီးခံခဲ့ရသူ ရှစ်ဦးကို ရုံးထုတ်သည်မှာ (၉) ကြိမ်တိတိ ရှိခဲ့ပြီ ဖြစ်သော်လည်း တရားလို တစ်ကြိမ်တစ်ခါမှ တရားရုံးသို့ ရောက်မလာသဖြင့် အမှုကို မစစ်ဆေးနိုင်ဘဲ ဖြစ်နေ၍ နစ်နာမှုများရှိနေကြောင်း သတင်းရရှိသည်။

သူတို့ ၈ ဦးအား ယမန်နေ့ (၁၇-၅-၂၀၁၈) ရက်နေ့ မွန်းလွဲ ၃ နာရီကျော်တွင် စစ်တွေမြို့နယ် တရားရုံး၌ (၉) ကြိမ်မြောက် ရုံးထုတ်လာရာတွင်လည်း တရားလို မရောက်ရှိ၍ အမှုကို မစစ်ဆေးခဲ့ရဟု ဖမ်းဆီးခံထားရသူ ဦးသန်းဇော်ဖခင် ဦးအေးမောင်သိန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ သူတို့ကို မနေ့က စစ်တွေမြို့နယ် တရားရုံးမှာ ရုံးထုတ်ပါတယ်။ တရားလို မြို့နယ်မှူး မရောက်ပါဘူး။ တရားလို တစ်ကြိမ်မှ မရောက်ဘူး။ ဒီတစ်ကြိမ်က ၉ ကြိမ်ဖြစ်ပါတယ်။ ၉ ကြိမ်ထုတ်တာ ၉ ကြိမ်စလုံး မရောက်ပါဘူး” ဟု သူက ပြောသည်။

၎င်းတို့ ၈ ဦးကို ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ (၆၁) ဖြင့် တရားစွဲဆိုထားပြီး သူတို့ ၈ ဦးအား မြောက်ဦးမြို့နယ် တရားရုံးတွင် ၃ ကြိမ်၊ စစ်တွေမြို့နယ် တရားရုံးတွင် ၆ ကြိမ် ရုံးထုတ်ခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

" ဒီလို တရားလို မရောက်တဲ့ အတွက် ကျွန်တော်တို့ ဘက်က နစ်နာမှု ရှိနေပါတယ်။ ဥပဒေကြောင်းအရလည်း ဒီလို မဖြစ်သင့်လို ထင်ပါတယ်။ အများစုက ဒဏ်ရာတွေနဲ့ဆိုတော့ သူတို့ကို ငဲ့ညှာသင့်ပါတယ်" ဟု ဦးအေးမောင်သိန်းက ပြောသည်။

ယခုလက်ရှိ မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီခံထားရသူများမှာ မောင်အောင်ဌေး၊ ဦးအောင်ကျော်ညွန့်၊ ကိုကျော်ကျော်နိုင်၊ မောင်ဦးသန်းဇော်၊ မောင်ကျော်ဝင်းနိုင်၊ မောင်ထွန်းကျော်စိန်၊ ကိုရွှေမောင်နှင့် မောင်ကျော်မင်းစိုးတို့ဖြစ်ကြသည်။


၂၀၁၈ ဇန်န၀ါရီ ၁၆ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရခိုင်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးနေ့ အခမ်းအနားကို ပိတ်ပင်ရာမှ ကျင်းပပြုလုပ်ခွင့်ရရန် တောင်းဆို ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့ရာ ရဲတပ်ဖွဲ့က လူအုပ်ကို လက်နက်နှင့် ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် လူ ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ယခု ဖမ်းဆီးခံထားရသူများမှာ ယင်းဆန္ဒပြပွဲတွင် ဒဏ်ရာရရှိခဲ့သူ ၁၂ ဦးထဲမှ ၈ ဦးဖြစ်ကြောင်း သိရှိရသည်။

“သူတို့ရဲ့ ခြေထောက်တွေကို အပြင်ဆေးခန်းမှာဖြစ်ဖြစ်၊ ဆေးရုံမှာ ဖြစ်ဖြစ် ဓါတ်မှန်ရိုက်ခွင့်ပြုပြီး၊ ဆရာဝန်ရဲ့ စမ်းသပ်စစ်ဆေးမှုကို ခံယူချင်ပါတယ်။ အခုသူတို့ အဖမ်းဆီးခံထားရတာ ၄ လလောက်ရှိပြီဖြစ်ပေမယ့် အခုထက်ထိ အပြင်မှာ ဓါတ်မှန်ရိုက်ခွင့်၊ ဆေးကုသမှုခံယူခွင့် မရရှိဘဲဖြစ်နေပါတယ်”ဟု ဦးအောင်ကျော်ညွန့်၏ ဇနီး ဒေါ်ချိုချိုဝင်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

၎င်းတို့အမှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် ၎င်းတို့ အမှုအား ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေသူ ဦးထွန်းအောင်ကျော်အား ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသဖြင့် ၎င်းအမှုအခြေနှင့် ပတ်သက်ပြီး အသေးစိတ် တင်ပြနိုင်ခြင်း မရှိပါ။

Narinjara
https://www.facebook.com/Narinjara
(၉) ကြိမ်တိတိ တရားလိုမရောက်၍ မြောက်ဦးမှ အဖမ်းခံထားရသူရှစ်ဦး အမှုစစ်ဆေးရာတွင် နစ်နာမှုရှိနေ (၉) ကြိမ်တိတိ တရားလိုမရောက်၍ မြောက်ဦးမှ အဖမ်းခံထားရသူရှစ်ဦး အမှုစစ်ဆေးရာတွင် နစ်နာမှုရှိနေ Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.