လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၈ဝ လောက် ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ကင်းကျေးရွာအုပ်စုမှာ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးနေတဲ့ အိမ်တစ်အိမ်ကို ၂ဝ၁၈ ခုနှစ် မေလ ၁ဝ ရက်နေ့က တွေ့ရစဉ်/ Photo: Aung Thain Kha/RFA
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ် ၄ ခုမှာ မနေ့ညနေပိုင်းက လေပြင်းတိုက်တာကြောင့် နေအိမ် ၁၈ဝ လောက် အမိုးလန်ပျက်စီးသွားပါတယ်။

လေပြင်းတိုက်လို့ အိမ်အမိုးတွေ ပျက်စီးသွားတာတွေကို လူမှုအဖွဲ့အစည်းတွေက ပြန်ကူပြီး မိုးပေးနေတယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရွှင်ဌေးက ပြောပါတယ်။

"ကျနော်တို့ကတော့ဗျာ အခုမနက်ပိုင်းကတည်းက ဒီလူမှုကူညီရေးအဖွဲ့အစည်းတွေရော ဘာတွေရော ပြုတ်ကျတဲ့သွပ်အချပ်တွေဘာတွေ သေချာဖြောင့်ပေးပြီးတော့ လောလောဆယ်တော့ မိုးကာပဲ အုပ်ထားပေး ရတာပေါ့။ လောလောဆယ်တော့ သူတို့ရွက်ဖျင်တဲနဲ့ အပျက်စီးတွေ လိုက်စုပေး၊  ကောက်ပေး အိမ်ရှင်ရဲ့ အနေထားအရ အဲဒီရွက်ဖျင်မိုးကာလေးဘာလေး တက်မိုးပေး၊ ပြင်ပြီးမိုးလို့ရတဲ့ဟာလေးတွေကျတော့လည်း ပြင်မိုးပြီးကြပါပြီ"

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေးဦးစီးဌာနရဲ့ စာရင်းတွေအရ မြင်းမူမြို့မှာ နေအိမ် ၁၄၅ လုံး၊ မြောင်မြို့နယ်မှာ ၂၄ လုံး၊ ကနီမြို့မှာ ၈ လုံး၊ ဘုတလင်မြို့မှာ ၁ လုံး တို့ဖြစ်ပြီး နောက်ထပ် စာရင်းပြုစုလို့မပြီးသေးတဲ့ နေရာတွေရှိသေးတယ်လို့ သိရပါတယ်။

လေပြင်းတိုက်လို့ နေအိမ်တွေ အမိုးလန်ပျက်စီးတာအပြင် သစ်ပင်ပြိုလဲတာတွေကို လူမှုအဖွဲ့တွေနဲ့ မြို့နယ်အလိုက် သက်ဆိုင်ရာဌာနတွေက ကူညီပေးနေတယ်လို့လည်း ပြောပါတယ်။

မေလ ၁၁ ရက်နေ့နဲ့ ဒီကနေ့ ၁၂ ရက်မှာ မြန်မာနိုင်ငံ နေရာတော်တော်များများမှာ မိုးတိမ်တောင်တွေဖြစ်နိုင်ပြီး မိုးတိမ်တောင်ကြောင့် လျှပ်စီးလက်တာ၊ မိုးခြိမ်းတာ၊ မိုးသက်လေပြင်းတိုက်တာ၊ နေရာကွက်ပြီး မိုးသည်းနိုင်တာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားပါတယ်။

RFA Burmese
https://www.rfa.org/burmese
လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၈ဝ လောက် ပျက်စီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၈ဝ လောက် ပျက်စီး Reviewed by THITHTOOLWIN on 21:49 Rating: 5
Powered by Blogger.