အိန္ဒိယနိုင်ငံတောင်ပိုင်း တမီနာဒူးလ်ပြည်နယ်က ဗြိတိသျှသတ္တုတူးဖေါ်ရေးကုမ္ပဏီကြီးတခုဖြစ်တဲ့ Vedanta Resources ရဲ့ ကြေးနီစက်ရုံဟာ ပတ်ဝန်းကျင်ကို ထိခိုက်နေတယ်ဆိုပြီး အဲဒီစက်ရုံကို ပိတ်ပေးဖို့ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီတွေက ဆန္ဒပြတောင်းဆိုနေရာကနေ ရဲနဲ့ အထိကရုန်းဖြစ်ခဲ့ပါတယ်။
ဒီနေ့မှာတော့ ဆန္ဒပြသူတွေက ဓါတ်ဆီပုလင်းတွေ မီးရှို့တိုက်ခိုက်တာ၊ ကျောက်ခဲတွေနဲ့ပေါက်တာကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ မနေ့က အင်္ဂါနေ့မှာလည်း ဆန္ဒပြတဲ့သူတွေကို ရဲကပစ်ခတ်ဖြိုခွဲတဲ့အတွက် ၁၀ ယောက် သေဆုံးသွားပါတယ်။
ဒီလိုနှိမ်နင်းတာဟာ အစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ အကြမ်းဖက်မှုဖြစ်တယ်လို့ အတိုက်အခံကွန်ဂရက်စ်ပါတီခေါင်းဆောင် ရာဟူးလ်ဂန္ဒီက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အဲဒီကြေးနီစက်ရုံကနေ တနှစ်ကိုကြေးနီတန်ချိန် ၄ သိန်းထုတ်လုပ်နေတဲ့အတွက်၊ အိန္ဒိယမှာ အကြီးဆုံးဖြစ်ပြီး စက်ရုံကြောင့် လေထုညစ်ညမ်းတာ၊ အနီးတဝိုက် မြစ်ချောင်းကငါးတွေသေကြေ ပျက်စီး မျိုးတုန်းနေရတယ်လို့ ပြောကြပါတယ်။ အခုဆိုရင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေကြောင့် စက်ရုံရပ်နားထားရတာ ရက်ပေါင်း ၅၀ ကျော်ပြီဖြစ်ပါတယ်။
ဆန္ဒပြသူတွေက အချက်အလက်အမှားတွေနဲ့စွပ်စွဲနေကြပြီး၊ သူတို့အနေနဲ့တော့ စက်ရုံကို အေးအေးဆေးဆေးနဲ့ အမြန်ဆုံးပြန်လည်ပတ်ချင်နေပြီလို့ ဗီဒန်တာကုမ္ပဏီဘက်က ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
အိန္ဒိယက ဗြိတိသျှပိုင်ကြေးနီစက်ရုံဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ပစ်ခတ်နှိမ်နင်းလို့ လူသေဆုံး
Reviewed by THITHTOOLWIN
on
08:55
Rating:
