ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့၊ ပူတာအိုမြို့နှင့် တာလောကြီး ကျေးရွာ တို့တွင် မီးလောင်မှုဖြစ်ပွား


မြစ်ကြီးနား - မေ ၁၄

ကချင်ပြည်နယ်အတွင်း မေ၁၄ရက်က မြစ်ကြီးနားမြို့၊ ပူတာအိုမြို့နှင့် တာလောကြီးကျေးရွာတို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာနေ ဒေါ်ခင်မြိုင်(၇၈)နှစ်၏ နေအိမ်တွင် ယနေ့နေ့လည် ၁၂ နာရီ ၁၅ မိနစ်က ထင်းမီးဖိုဖြင့် ရေနွေးအိုးတည်ရာမှ နေအိမ်ထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကာ အလျှား(၃၀)ပေ၊အနံ(၂၀)ပေရှိ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ်တစ်လုံးနှင့် အလျှား(၁၈)ပေ၊ အနံ(၁၀)ပေရှိ မီးဖိုဆောင်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်။

မီးလောင်ကျွမ်းရာနေရာသို့ တာလောကြီးနယ်မြေလက်ထောက် မီးသတ်ဦးစီးမှူး ဦးအောင်ဆန်းလင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းငြိမ်းသတ် မှုကြောင့် ၁၂နာရီ၄၈မိနစ်တွင် မီးငြိမ်းခဲ့ပြီး အိမ်ရှင်ဒေါ်ခင်မြိုင်အား တာလောကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထို့အတူ ယနေ့မွန်းလွဲ၁နာရီက မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် နယ်မြေ(၈)နေ ဒေါ်အားဆာမိ(၃၉)နှစ်၏ အလျှား(၃၅)ပေ၊အနံ(၂၀)ပေရှိ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နှစ်ထပ်နံကပ်နေအိမ်တွင် တပ်ဆင်အသုံးပြုထား သည့် လျှပ်စစ်မီးပလပ်ခုံအပူလွန်ကဲကာ အနီးရှိထရံအားမီးကူးစက်လောင် ကျွမ်းရာမှ လူနေအိမ်သုံးလုံး၊ စက်ယက္ကန်းရုံတစ်လုံးနှင့် စက်ယက္ကန်း(၅)လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြစ်ကြီးနားမီးသတ်စခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူ ဦးဆောင်၍ မီးငြိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၃)စီး၊သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦး၊အရံတပ်ဖွဲ့ဝင်(၂၀)ဦးတို့ဖြင့် ငြိမ်းသတ်ရာ မွန်းလွဲ၁နာရီခွဲတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် အိမ်ပိုင်ရှင်ဒေါ်အားဆာမိအား အမှတ်(၂)ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထို့အတူ ယနေ့မွန်းလွဲ၂နာရီက ပူတာအိုခရိုင် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်(၄)နေ ဦးအင်ထက်ဇော်ဖန်၏နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတဆင့် နေအိမ်သို့မီးကူးစက်လောင်ကျွမ်းခဲ့၍ အလျှား(၂၀)ပေ၊အနံ(၁၅)ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်တစ်လုံးနှင့် မီးဖိုဆောင်တစ်လုံး မီးလောင်ကျွမ်းခဲ့ရာ ပူတာအိုမြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးနိုင်ဝင်းထွန်းနှင့်မီးသတ် တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်(၂)စီး၊ရေသယ်ယာဉ်(၁)စီးဖြင့် ငြိမ်းသတ်မှုကြောင့် မွန်းလွဲ၂နာရီ၂၅မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် ဦးအင်ထက်ဇော်ဖန်အား ပူတာအိုမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့၊ ပူတာအိုမြို့နှင့် တာလောကြီး ကျေးရွာ တို့တွင် မီးလောင်မှုဖြစ်ပွား ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့၊ ပူတာအိုမြို့နှင့် တာလောကြီး ကျေးရွာ တို့တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.