မြောက်ဦးမြို့နယ် ကျောက်ကျပ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီး ဓါးခုတ်ခံရ


နိရဉ္စရာ၊ မေ ၁၆

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်ကျပ် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့သည် ယနေ့ နံနက် အစောကြီးအချိန်တွင် ဓါးခုတ်ခံရသဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ကျောက်တော် ဆေးရုံသို့ကိုယ်တိုင် သွားကြည့်ခဲ့သူ မောရမြေ ဦးကျော်လှမြင့်က “ သွေးအကူအညီလိုလို့ မနက်က ကျွန်တော်ကို လာခေါ်တာနဲ့ ကျောက်တော်ဆေးရုံကြီးလိုက်သွားခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ အတွက် သွေးသွင်းပြီးတာနဲ့ သူတို့ နှစ်ဦးစလုံးကို စစ်တွေဆေးရုံကြီး ပို့ဆောင်မယ်လို့ သိရပါတယ်” ဟု ပြောဆိုသည်။

ဓါးခုတ်ခံရသူများမှာ ကျောက်ကျပ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်အောင်ကျော်နှင့် ဇနီးဖြစ်သူ ဒေါ်အေးသန်းတို့ ဖြစ်ကြပြီး သူတို့အား ကျောက်တော် ဆေးရုံသို့ ယူဆောင်လာခဲ့သည်ဟု သိရသည်။

“ သူတို့က နေအိမ်က ခြင်ထောင်ထဲမှာ အိပ်နေစဉ် ဒီကနေ့ ညည့် ၁ နာရီအချိန်မှာ ဓါးခုတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်သူက ခုတ်သွားသလဲဆိုတာကိုလည်း တိတိကျကျ မသိရပါဘူး” ဟု သူက ပြောဆိုသည်။

ဇနီးဖြစ်သူမှာ လက်တစ်ဖက်၏ လက်ကောက်ဝတ်မှ ပြတ်ထွက်သွားသည်ဟုလည်း သိရသည်။

အဆိုပါ ဓားခုတ်မှုနှင့် ပတ်သက်ပြီး ပိုမို သိရှိလိုသဖြင့် မိသားစုများသို့ ဆက်သွယ်သော်လည်း ဖုန်းပိတ်သဖြင့် ဆက်သွယ် မရရှိခဲ့ပါ။

ကျောက်တော်မြို့မစခန်းသို့ ဆက်သွယ်ရာ စခန်းမှူးက “ ဖြစ်စဉ်မှန်ပါတယ်။ ဒဏ်ရာ ပြင်းထန်တဲ့ အတွက် ကျောက်တော်မှာ ခဏလေးဘဲထားပြီး စစ်တွေကို ယူသွားပါတယ်။ သူတို့က မြောက်ဦးမြို့နယ် တိန်ညို ရဲစခန်းအပိုင်မှာ ဖြစ်တဲ့ အတွက် တိန်ညိုရဲစခန်းကဘဲ အမှုဖွင့် ဆောင်ရွက်ပါလိမ့်မယ်” ဟု ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
မြောက်ဦးမြို့နယ် ကျောက်ကျပ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီး ဓါးခုတ်ခံရ မြောက်ဦးမြို့နယ် ကျောက်ကျပ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီး ဓါးခုတ်ခံရ Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.