မူဆယ်မြို့ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဆန်တင်ပို့မှုကျဆင်းကာ စပါးဈေးနှုန်းများ ထပ်မံကျဆင်း


ရေတာရှည် - မေ ၁၆

ပဲခူးတိုင်းဒေသကြီးအတွင်း ဆည်ရေသောက်ဖြင့် နွေစပါးစိုက်ပျိုးနိုင်ကြသည့် ပဲခူး၊ ဖြူး၊ အုတ်တွင်း၊ တောင်ငူ၊ ရေတာရှည်မြို့နယ်များ၌ ယခုအခါ ရင့်မှည့်ရိတ်သိမ်းကာ ဈေးကွက်သို့တင်ပို့ ရောင်းချလျက်ရှိပြီ ဖြစ်သည်။ ပေါ်စအချိန်၌ နေပြည်တော် အေလာမြို့တစ်ဝိုက်မှ စပါးဝယ်ယူသူများကြောင့် စပါးတင်း ၁ဝဝ လျှင် ငွေကျပ် ၅၇ဝဝဝဝ အထိ ဈေးပေးဝယ်ယူကြသည့်အတွက် အစောပေါ်သည့် တောင်သူများ ဈေးကောင်းရရှိခဲ့ကြသည်။

မေလ ဒုတိယပတ်တွင် စပါးဖြိုင်ဖြိုင်ပေါ်ချိန်၌ ရောင်းလိုအားနှင့် ဝယ်လိုအား မမျှဖြစ်ရာက အဝယ်အေးကာ စပါးတင်း ၁ဝဝ လျှင် ငွေကျပ် ၅၁ဝဝဝဝ အထိ ကျဆင်းခဲ့ပြီး တောင်သူများအနေဖြင့် စက်ရိတ်သိမ်းခနှင့် လုပ်အားခ အကြွေး များပေးရန်အတွက် ငွေလိုအပ်မှုများကြောင့် ရသည့်ဈေးဖြင့် အကြွေးရောင်းချ နေရသော်လည်း ၁၅ ရက်၊ တစ်လခန့်ကြာသည်အထိ စပါးဖိုးငွေများ မရသည့်အပြင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာလမ်းကြောင်းဖြစ်သော မူဆယ်မြို့တွင် လတ်တလော အခြေအနေကြောင့် ဆန်တင်ပို့မှုများ ရပ်ဆိုင်းသွားခဲ့ရာတွင် စပါးဈေးနှုန်း ဆက်လက် ကျဆင်းကာ တင်း ၁ဝဝ လျှင် ငွေကျပ် ၄၉ဝဝဝဝ အထိ ကျဆင်းသွားကြောင်း လတ်တလောရောင်းချလိုက်ရသည့် တောင်သူတစ်ဦးက ပြောကြားသည်။

''ရောင်းသာ ရောင်းလိုက်ရတာ ရင်တမမနဲ့ပဲ၊ ပွဲစားတွေ စပါးတင်း သောင်းနဲ့ချီ ပြီး ပိုက်မိနေတာ အချို့လဲ ထွက်ပြေးကုန်တယ်လို့ သတင်းတွေကြားနေရတော့ စပါးရောင်းပြီး ညက အိပ်လို့တောင်မပျော်ဘူး''ဟု ဆွာမင်းလမ်းကျေးရွာအုပ်စု မှန်စီကျေးရွာနေ တောင်သူ ဦးတင်ဝင်းက ပြောသည်။

စပါးဈေးကျဆင်းသော်လည်း ဆန်ဈေးနှုန်းမှာ တစ်တင်းလျှင် ငွေကျပ် ၁၅ဝဝ မှ ၂ဝဝဝ အထိ ဈေးနှုန်းမြင့်တက်သွားပြီး တောင်သူအများစုမှာ မိမိတို့လယ်မှ ထွက်ရှိသည့် စပါးကို အခြောက်လှန်းရခြင်းအတွက် ကုန်ကျစရိတ်၊ သယ်ယူစရိတ်နှင့် လုပ်အားခများ တိုးမြင့်လာသည့်အတွက် ကုန်ကျမှုပိုမိုများပြားလာသည့်အပြင် ရောင်းချရသည့် စပါးဈေးကွက် တည်ငြိမ်ခြင်းမရှိသည့်အခါ စိုးရိမ်သောကများဖြင့် ကြုံတွေ့နေကြရသည်ကို တွေ့ရှိရသည်။

''အခိုက်အတန့်ပါ မူဆယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆန်စက်လုပ်ငန်းရှင်တွေနဲ့ စပါး ပွဲစားတွေအတွက် အခွင့်အလမ်းအကြီးကြီးရသွားတာ သူတို့ပါးစပ်ထဲမှာ ဈေးက ပြောင်းလဲနေတာ တောင်သူတွေကို ဈေးကွက်မလှုပ်လှုပ်အောင်လုပ်ပြီး ဈေးနိမ့် ဝယ်တယ်လို့ ကျွန်တော်တို့ ယူဆတယ်၊ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုတဲ့ စကားပုံလိုပါပဲ၊ နိုင်ငံတော်အပိုင်းကလည်း ဒါတွေကို သိဖို့ကောင်းပါတယ်''ဟု တောင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

ကိုလွင် (ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မူဆယ်မြို့ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဆန်တင်ပို့မှုကျဆင်းကာ စပါးဈေးနှုန်းများ ထပ်မံကျဆင်း မူဆယ်မြို့ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဆန်တင်ပို့မှုကျဆင်းကာ စပါးဈေးနှုန်းများ ထပ်မံကျဆင်း Reviewed by THITHTOOLWIN on 11:35 Rating: 5
Powered by Blogger.