မြဝတီမြို့ သောင်ရင်းမြစ်ကမ်းဘေးတွင် ရှစ်လခန့်သန္ဓေသား မွေးကင်းစယောင်္ကျားလေးအလောင်း တွေ့ရှိ
မြဝတီ - မေ ၁၁
ကရင်ပြည်နယ်၊ မြဝတီမြို့၊ သောင်ရင်းမြစ်ကမ်းဘေးတွင် မေလ ၁၀ ရက်နေ့နံနက်ပိုင်းက ရှစ်လခန့် သန္ဓေသား မွေးကင်းစယောင်္ကျားလေးအလောင်း စွန့်ပစ်ထားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မေလ ၁၀ ရက်နေ့ နံနက် ၁၁နာရီအချိန်ခန့် မြဝတီမြို့၊အမှတ်(၂)ရပ်ကွက်၊ ခွန်ဆာဝင်းအောက်ချိုင့် ၊ ကျောက်တန်းဂိတ်အနီး၊ သောင်ရင်းမြစ်ကမ်းဘေး၌ခန့် မှန်းရှစ်လသားခန့်သန္ဓေသား မွေးကင်းစယောင်္ကျားလေး(ချက်ကြိုးပါ) အလောင်းတစ်လောင်းတွေ့ရှိကြောင်း သတင်းအရ မြဝတီမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ် အောင်ချမ်းမွန်၊ တာဝန်မှူး ဒုရဲအုပ် ကျော်သူအောင်တို့ဦးစီးအဖွဲ့ သည်သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရှစ်လခန့်သန္ဓေသား မွေးကင်းစယောင်္ကျားလေးအလောင်းအားတွေ့ရှိရပြီး အလောင်းတွင်ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိဘဲသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိ၍အလောင်းကို ရဲဆေးစာဖြင့် မြဝတီဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲအုပ် အောင်ချမ်းမွန်နှင့်အဖွဲ့မှ စုံစမ်းရာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၏ ပြောပြချက်အရ ယင်းနေ့ နံနက်ပိုင်းက မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်၊ သောင်ရင်းမြစ်ကမ်းစပ်ဘက်မှ ခွေးတစ်ကောင် ကိုက်ချီလာပြီး ချထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် ရဲအုပ် အောင်ချမ်းမွန်က တရားလိုပြုလုပ်ကာ ရှစ်လခန့်သန္ဓေသား မွေးကင်းစယောင်္ကျားလေးအလောင်းစွန့်ပစ်ထားသူအား ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ရေး မြဝတီမြို့မရဲစခန်းတွင် (ပ) ၃၆၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၁၈ ဖြင့်အမှုရေးဖွင့်ပြီး ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သတင်းရရှိသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin
မြဝတီမြို့ သောင်ရင်းမြစ်ကမ်းဘေးတွင် ရှစ်လခန့်သန္ဓေသား မွေးကင်းစယောင်္ကျားလေးအလောင်း တွေ့ရှိ
Reviewed by THITHTOOLWIN
on
18:19
Rating:
