မိုးကောင်းမြို့နယ်၏ အဝင်အထွက် မီးရထားသံလမ်းတံတားများအား ကေအိုင်အေလက်နက်ကိုင်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲ


မိုးကောင်း မေ ၁၆

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်၏ တောင်ဘက်နှင့်မြောက်ဘက်ရှိ မြို့နယ်အဝင်အထွက် မီးရထားသံလမ်း တံတားနှစ်စင်းအား မေ ၁၅ရက် ည၁၁နာရီ၂၀မိနစ်က KIA လက်နက်ကိုင်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် APT ရှေ့ပြေးရထားစက်ခေါင်း အပါအဝင် တွဲသုံးတွဲ သံလမ်းပေါ်မှ တွဲချော်ကျကာ သံလမ်းများ တွန့်ကောက်ပျက်စီးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မရမ်းဘူတာဘက်မှ နမ္မတီးဘူတာဘက်သို့ စက်ခေါင်းမောင်း ဦးသန့်ဇင်ဝင်းနှင့် ရထားထိန်း ဦးမင်းသိန်းစိုးတို့ မောင်းနှင်လာသည့် မြစ်ကြီးနား-ဟိုပင် APT မိုင်းရှင်းရထားသည် မိုးကောင်းမြို့နယ် နမ္မတီးဘူတာနှင့် မရမ်းဘူတာကြား မီးရထားမိုင်တိုင်အမှတ်(၆၉၅/၂၄ နှင့် ၆၉၆/၁)ကြားရှိ မီးရထားတံတားအမှတ်(၆၈၁)ဒေသအခေါ်(တံတားညီနောင်)အပေါ် ဖြတ်သန်းမောင်းနှင်စဉ် KIA လက်နက်ကိုင်အဖွဲ့မှ ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားတွဲအမှတ်(WBX-9197)၊(GBHAV-13702)နှင့် ရထားစက်ခေါင်းအမှတ်(DD-952)၏ ဘီးများသံလမ်းမှအတွင်းဘက်သို့ချော်ကျပြီး တွဲအမှတ်(GBHAV-13702)၏ဘီးနှစ်ဘီး တံတားအောက်သို့ ပြုတ်ကျခဲ့ကာ ရထားသံလမ်းများပြတ်တောက်၍ ဇလီဖားတုံးများ ပျက်စီးခဲ့သည်။

အလားတူ ၎င်းဖြစ်စဉ်နှင့်တချိန်တည်း မိုးကောင်းဘူတာနှင့် ထိုပူးဘူတာကြား မီးရထားမိုင်တိုင်အမှတ်(၆၈၂/၁ နှင့် ၂)ကြား တံတားအမှတ်(၆၆၂)တွင် KIAလက်နက်ကိုင်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် မီးရထားသံလမ်းများ တွန့်ကောက်ပျက်စီးခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင် ဦးဆောင်၍နယ်ထိန်းတပ်ဖွဲ့ဝင်များ၊မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ရထားပို့ဆောင်ရေးမှတာဝန်ရှိသူများ သွားရောက်၍ မီးရထားလမ်းပိုင်းများ အမြန်ဆုံးပြန်လည်ကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းနိုင် - ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media/
မိုးကောင်းမြို့နယ်၏ အဝင်အထွက် မီးရထားသံလမ်းတံတားများအား ကေအိုင်အေလက်နက်ကိုင်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲ မိုးကောင်းမြို့နယ်၏ အဝင်အထွက် မီးရထားသံလမ်းတံတားများအား ကေအိုင်အေလက်နက်ကိုင်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲ Reviewed by THITHTOOLWIN on 10:53 Rating: 5
Powered by Blogger.