မြစ်ကြီးနား - မန္တလေး ရထားလမ်း ရပ်နားထားရဆဲဖြစ်

မိုင်းခွဲဖျက်ဆီးခံရတဲ့ မိုးကောင်းဘူတာနဲ့ ထိုပူးဘူတာ အကြားရှိ မီးရထားလမ်းကို ၂ဝ၁၈ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်/ ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြစ်ကြီးနား-မန္တလေး ရထားလမ်းပေါ်က နေရာ ၃ ခုမှာ မေ ၁၅ နဲ့ ၁၆ ရက်တွေက မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး သံလမ်း တံတားနဲ့ ရထားတွဲတွေတိမ်း ချော်ပျက်စီးခဲ့တာကြောင့် မြစ်ကြီးနား-မန္တလေး ရထားခရီးစဉ်တွေကို ဒီနေ့အထိ ရပ်နားထားရဆဲဖြစ်ပါတယ်။

ရထားလမ်းပိုင်းပြင်ဆင်ပြီးစီးမှုနဲ့ လုံခြုံအခြေအနေအရ အစိုးရက ခွင့်ပြုတဲ့အပေါ်မူတည်ပြီး မန္တလေးဘက် ရထားတွေ စုန်ဆင်းထွက်ခွာမှာဖြစ်တယ်လို့ မြစ်ကြီးနားရုံပိုင်ချုပ် ဦးခင်သော်က ဒီကနေ့ညနေ ၅ နာရီကျော်မှာ ပြောပါတယ်။

"ရထားလမ်းပိုင်းကိုက ဖြစ်ခဲ့တဲ့ ၃ နေရာမှာ ထိုပူးနဲ့ မိုးကောင်းကြားက ၂ နေရာ မနေ့ကတည်းက ပြင်ပြီးသွား ပါပြီ။ နမ္မတီးနဲ့ မရမ်းကြားမှာရှိတဲ့ တံတား ၆၈၁ လေ၊ ကျနော်တို့ ရာထားကြီးတွေ ချော်ကျနေတာ၊ တွဲကြီးတွေ စောင်းနေတဲ့ဟာလေ အဲဒီ တံတားပြင်တာ ကျနော်တို့ ၁၅ နာရီ ၃ဝ မှာတော့ လမ်းခင်းခြင်း၊ တံတားပြင်ခင်း လုပ်ငန်းတွေ လုပ်နေပါပြီ။ ခွင့်ပြုချက်ရတဲ့အပေါ်မှာ မူတည်ပြီးမှ ထွက်မှာပါဗျ"

ဒီကနေ့အတွက် လက်မှတ်ရောင်းချထားတဲ့ အမှတ် ၃၈ နဲ့ ၅၈ အစုန်ရထားလက်မှတ်တွေကို ငွေပြန်အမ်းထား ပါတယ်။ မီးရထားလမ်းပိုင်းပြင်ဆင်မှုတွေနဲ့ လမ်းလုံခြုံရေး အဆင်ပြေရင် ရထားထွက်နိုင်အောင် ၄၂ နဲ့ ၅၆ အစုန်ရထား ၂ စီးကို အဆင့်သင့်စီစဉ်ထားပြီး ဒီကနေ့ညနေ ၅ နာရီခွဲအထိတော့ မြစ်ကြီးနားကနေ မန္တလေးဘက်ကို ရထားတစ်စီးမှ မထွက်ခွာနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ မေ ၁၅ နဲ့ ၁၆ ရက်နေ့တွေမှာ မိုင်းရှင်းရထားက မီးရထားသံလမ်းလုံခြုံရေး ဆောင်ရွက်ချိန် မိုးကောင်းမြို့နယ် အတွင်း မရမ်းနဲ့ နမ္မတီး ဘူတာအကြား၊ မိုးကောင်းနဲ့ ထိုပူး ဘူတာအကြား နေရာ ၃ ခုမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရ တာဖြစ်ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း ဖားကန့်မြို့နယ် လုံးခင်းအုပ်စု လယ်ပြင်ရွာနားမှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပေမယ့် လူတွေထိခိုက်တာတွေမရှိကြောင်းနဲ့ ပြည်သူတွေသွားလာနေကြတဲ့ မြစ်ကြီးနား-မန္တလေး ရထားလမ်း ဖောက်ခွဲခံရတာကို လက်မခံကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။

အခုလို မကြာခဏမိုင်းခွဲတိုက်ခိုက်ခံရတဲ့ မြစ်ကြီးနား-မန္တလေး မီးရထားလမ်းဟာ ကချင်ပြည်နယ်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတွေက သန်းနဲ့ချီတဲ့ ပြည်သူတွေ ခေတ်အဆက်ဆက် အားထားသွားလာနေရတဲ့ လမ်းဖြစ်သလို အဓိကကုန်စည်စီးဆင်းရာ လမ်းကြောင်းလည်းဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
မြစ်ကြီးနား - မန္တလေး ရထားလမ်း ရပ်နားထားရဆဲဖြစ် မြစ်ကြီးနား - မန္တလေး ရထားလမ်း ရပ်နားထားရဆဲဖြစ် Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.