ထိပ်သီးဆွေးနွေးပွဲ တကယ် အထမြောက်လာမလား စောင့်ကြည့်ရဦးမယ်

စင်္ကာပူမှာ ဇွန်လထဲ တွေ့မယ်လို့ ကြေညာထား
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ လာမယ့် ဇွန်လမှာ တွေ့ဆုံဖို့ စီစဉ် ထားတာ အထမြောက် မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် တွေ့ဆုံဖို့ မျှော်လင့် နေတယ်လို့ အမေရိကန် သမ္မတ ထရမ့်က ပြောပါတယ်။

သူတို့ နှစ်ဦးတွေ့ဖို့ အစီအစဉ် တကယ်တမ်း အကောင်အထည် ပေါ်လာနိုင်ရဲ့လားလို့ သတင်းထောက်တွေက မေးမြန်းရာမှာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရ ဦးမယ်လို့ သမ္မတထရမ့်က တုံ့ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီယာ လက်နက် ပိုင်ဆိုင်ရေး စီမံကိန်းတွေကို စွန့်လွှတ်ဖို့ အမေရိကန်က ဆက်လက် တောင်းဆို နေမယ်ဆိုရင် သမ္မတ ထရမ့်နဲ့ ခေါင်းဆောင် ကင်မ်ဂျုံအွန်းတို့ တွေ့ဆုံမယ့်ပွဲကို ဖျက်ကောင်းဖျက်ရလိမ့်မယ် ဆိုပြီး မြောက်ကိုရီးယား ဘက်က ထုတ်ပြန်ထားပါတယ်။

ထရမ့်နဲ့ကင်မ်တို့ လာမယ့် ဇွန်လ ၂၂ ရက်ကျရင် စင်္ကာပူမှာ တွေ့ဆုံ စကားပြောမယ် ဆိုတဲ့ အချက် ထွက်ပေါ် လာခဲ့အပြီး ၊ ကိုရီးယား ကျွန်းဆွယ် တင်းမာမှု ပြေလျော့မယ့် မျှော်လင့်ချက် သာမက နိုင်ငံတကာ ငြိမ်းချမ်းရေး အတွက်ပါ အားတက်စဖွယ် ဖြစ်လာနေခဲ့ ရာကနေ၊ အခုလို အခြေအနေမျိုး တခါ ပြန် ရောက်လာတာ ဖြစ်ပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီယာ လက်နက် ကင်းစင်ရေး ရည်မှန်းချက်ကို အကောင်အထည် ဖော်ဖို့ မြောက်ကိုရီးယားဘက်ကလည်း လုပ်ဆောင်မယ် ဆိုပြီး ပြောလာခဲ့လို့၊ ထရမ့် အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်နဲ့ တွေ့ဆုံဖို့ နေရာ ရက်စွဲ သတ်မှတ် ကြေညာတဲ့ အဆင့်ထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ထိပ်သီးဆွေးနွေးပွဲ ပျက်သွားနိုင်တယ်လို့ ခြိမ်းခြောက်ထားတဲ့ မြောက်ကိုရီးယား ကြေညာချက်ထဲမှာတော့ သူတို့ အနေနဲ့လည်း ထိပ်သီးဆွေးနွေးပွဲ အထမြောက်လာဖို့ မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိ ထားပေမယ့်လည်း ရှေ့နောက် စဉ်စားမြော်မြင်မှု မရှိတဲ့ အမေရိကန်ရဲ့ မှတ်ချက်စကားတွေ အပေါ် အင်မတန် စိတ်ပျက်ရတယ် ဆိုပြီး ပြောထားပါတယ်။
လစ်ဗျား မော်ဒယ်လို့ သုံးစွဲခဲ့သူ ဘိုလ်တန်
မြောက်ကိုရီးယား အစိုးရ အဓိက ပြစ်တင် ပြောဆိုထားသူက အမေရိကန် လုံခြုံရေး ဆိုင်ရာ အကြံပေး ဂျွန် ဘိုလ်တန် ဖြစ်ပါတယ်။

မစ္စတာ ဘိုလ်တန်က ပြီးခဲ့တဲ့ သီတင်းပတ် အကုန်ပိုင်း ရုပ်သံလိုင်းတစ်ခုကို ပေးခဲ့တဲ့ အင်တာဗျုးထဲ နျူကလီယာ လက်နက် အစီအစဉ် ဖျက်သိမ်းရေး အတွက် မြောက်ကိုရီးယား အနေနဲ့ "လစ်ဗျားပုံစံ" လိုက်နာသင့်တယ်လို့ ထင်မြင်ယူဆတယ် ဆိုပြီး ပြောခဲ့ပါတယ်။

လစ်ဗျား မော်ဒယ်၊ လစ်ဗျား ပုံစံ ဆိုတဲ့ စကားလုံးဟာ မြောက်ကိုရီးယား အတွက် အန္တရာယ် သတိပေး ခေါင်းလောင်းသံ သဖွယ် ဖြစ်သွားဟန်တူပါတယ်။

လစ်ဗျား ခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီဟာ နျုကလီယာ စီမံကိန်းကို စွန့်ပြီး နှစ် အနည်းငယ် အတွင်းမှာပဲ အနောက်အုပ်စုက ကျောထောက် နောက်ခံပြုထားတဲ့ ပြည်တွင်း ပုန်ကန်သူတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အစိုးရ ပြိုလဲမသွားအောင် နျူကလီယာ လက်နက်ကို အားကိုးခဲ့
မြောက်ကိုရီးယားက ထရမ့်နဲ့ ဆွေးနွေးပွဲ ပျက်နိုင်တယ် ဆိုတဲ့ အထိ၊ သူတို့ရဲ့ နျူကလီယာ စီမံကိန်းကို လာမထိဖို့ ပြောလာခဲ့ပါပြီ။

မြောက်ကိုရီးယား အနေနဲ့ နယူကလီယား လက်နက်တွေ တည်ဆောက်ရေးမှာ နှစ်ရှည်လများနဲ့ ငွေပုံအောသုံး နေတာ အကြောင်းတစ်ခုပဲ ရှိတယ်၊ ရှင်သန် တင်ကျန်ဖို့ ပြိုလဲ ကျမသွားဖို့ ဖြစ်တယ်၊ ဒါကို အစိုးရ ဘုံးဘုံးလဲ သွားတဲ့ လစ်ဗျားနဲ့ သွားခိုင်းနှိုင်းတာကို ဘယ်လိုမှ ကျေနပ်မှာ မဟုတ်ဘူးလို့ တောင်ကိုရီးယား နိုင်ငံ ဆိုးလ် မြို့တော်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် လော်ရာ ဘစ်ကာက ဆိုပါတယ်။

တခါ၊ ကင်မ်နဲ့ တွေ့ဆုံမယ့် ထိပ်သီး ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ ထရမ့်ဘက်က အင်မတန် လိုလား နေမှန်းလည်း မြောက်ကိုရီးယားဘက်က ရိပ်စား မိနေတယ်လို့ လော်ရာ ဘစ်ကာက သုံးသပ် ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ထိပ်သီးဆွေးနွေးပွဲ တကယ် အထမြောက်လာမလား စောင့်ကြည့်ရဦးမယ် ထိပ်သီးဆွေးနွေးပွဲ တကယ် အထမြောက်လာမလား စောင့်ကြည့်ရဦးမယ် Reviewed by THITHTOOLWIN on 08:25 Rating: 5
Powered by Blogger.