လယ်ယာအငြင်းပွားမှုမှာ ပြည်သူ့စစ်က တောင်သူတွေကို သေနတ်နဲ့ပစ်

 သေနတ်ကိုင် ခြိမ်းခြောက်ခဲ့တဲ့ မတ်ကျန်းပြည်သူ့စစ်တွေကို တွေ့ရစဉ်
ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စု နမ့်ဟူးကျေးရွာနားက အငြင်းပွား ယာမြေပေါ်မှာ ဝင်ရောက်ထွန်ယက်တဲ့ ရွာသားတွေကို မတ်ကျန်းပြည်သူ့စစ်အဖွဲ့က မေလ ၁၄ ရက်နေ့မှာ သေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်မှု ရိုက်နှက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၁ ခုနစ်ကတည်းက မတ်ကျန်းပြည်သူ့စစ်က သိမ်းထားခဲ့တယ်ဆိုတဲ့ ကျေးရွာပိုင်မြေတွေနားမှာ ဝင်ရောက်ထွန်ယက်တဲ့ ရွာသားတွေကို MTA မတ်ကျန်းပြည်သူ့စစ်မှ ဗိုလ်မှူးအဆင့်ရှိသူ ခမ်းအောင်နဲ့ အဖွဲ့က အဲဒီနေ့မနက်ပိုင်းက လာရောက်ပြီး သေနတ်နဲ့ ခြိမ်းခြောက် ပစ်ခတ်ကာ ရွာသားတွေကို ရိုက်နှက်မှုတွေလုပ်ခဲ့တာလို့ နမ့်ဟူး ဒေသခံဖြစ်တဲ့ ခွန်မြင့်အောင်က ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ရွာသားတွေ ထိခိုက်သေဆုံးတာ မရှိပေမယ့် ကန်ကျောက်ရိုက်နှက်မှုကြောင့် ရွာသားအချို့ ဒဏ်ရာရတာတွေတော့ ရှိတယ်လို့ ခွန်မြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

မေလ ၁၄ ရက်နေ့ ညနေမှာပဲ အဲဒီရွာနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ လာရောက်ခဲ့ပြီး မတ်ကျန်းပြည်သူ့စစ်ကော ၊ ရွာသားတွေပါ အဲဒီမြေတွေပေါ်မှာ ဆက်လက်မထွန်ယက်ကြဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဧက ၃၀၀ ကျော်လောက်ရှိတဲ့ နမ့်ဟူးရွာနားကမြေတွေကို ၂၀၁၁ ခုနစ်က စလို့ မတ်ကျန်းပြည်သူ့စစ်အဖွဲ့က သိမ်းယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အငြင်းပွားမှုတွေကတော့ မကြာခဏဆိုသလိုဖြစ်နေခဲ့ပြီး ၂၀၁၄ ခုနစ်မှာ ရွာသား တဦးကို အာဏာပိုင်က ဖမ်းဆီးထောင်ချခဲ့ဖူးပါတယ်။

သူတို့လည်း လယ်ယာမြေ ပုံစံ (၇) မရသေးဘူးကြားတော့ ကျွန်တော်တို့လည်း ဘိုးဘွားပိုင်မြေတွေ တသက်လုံး လုပ်စားလာခဲ့တဲ့ မြေတွေဖြစ်တော့ မကြာခဏဝင်စိုက်တာတွေရှိခဲ့ပြီး မေလ ၅ ရက်နေ့က နှစ်ဖက်ပြုလုပ်တဲ့ အစည်းအဝေး သဘောတူညီချက်အရ မတ်ကျန်းပြည်သူ့စစ်ကော ကျွန်တော်တို့ပါ မြေတွေကို ဆက်မထွန်ဖို့ သဘောတူထားကြတယ်လို့ ခွန်မြင့်အောင်က ပြောပါတယ်။

ဒါပေမယ့်လည်း ပြည်သူ့စစ်အဖွဲ့ဘက်က ဆက်ထွန်ယက်နေတဲ့အတွက် ရွာသားတွေကလည်း မေလ ၁၃ ရက်နေ့ကစလို့ ပြန်လည်ထွန်ယက်ခဲ့တာလို့ ခွန်မြင့်အောင်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နမ့်စမ်အခြေစိုက် မတ်ကျန်းပြည်သူ့စစ်အဖွဲ့ဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါ။

မတ်ကျန်းပြည်သူ့စစ်ဟာ ခွန်ဆာ လက်နက်ချပြီးနောက် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားတဲ့ MTA အကြွင်းအကျန်အဖွဲ့လည်း ဖြစ်ပါတယ်။

မတ်ကျန်းအဖွဲ့က ပစ်ခတ်မှုလုပ်ခဲ့တာဟာ စစ်တပ်က အထိန်းအချုပ်လျော့ရဲလို့လည်း ဖြစ်နိုင်သလို ရှမ်းပြည်နယ်အတွင်းမှာ ပြည်သူ့စစ်အဖွဲ့တော်တော်များများက မြေသိမ်းမှုတွေရှိနေတယ်လို့ ရှမ်းပြည်နယ်လွှတ်တော် တိုင်ကြားစာများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ စိုင်းမျိုးမြင့်က ဘီဘီစီကို ပြောပါတယ်။

ပအိုဝ်းပြည်သူ့စစ်တွေကလည်း ပအိုဝ်းပြည်သူတွေရဲ့မြေကို သိမ်းထားပြီး ပအိုဝ်းပြည်သူတွေကို သေနတ်ပြခြိမ်းခြောက်တာတွေလည်းရှိသလို ရှမ်းပြည်သူ့စစ်ကလည်း ရှမ်းလူထုရဲ့ မြေတွေ သိမ်းတာတွေရှိနေပြီး အခုလို ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေနဲ့အတူ မီဒီယာတွေပေါ်တက်လာတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ စိုင်းမျိုးမြင့်က သုံးသပ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
လယ်ယာအငြင်းပွားမှုမှာ ပြည်သူ့စစ်က တောင်သူတွေကို သေနတ်နဲ့ပစ် လယ်ယာအငြင်းပွားမှုမှာ ပြည်သူ့စစ်က တောင်သူတွေကို သေနတ်နဲ့ပစ် Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.