ဆန္ဒပြ လူစုခွဲရာမှာ အရပ်ဝတ် မသုံးခဲ့လို့ ရဲချုပ်ပြော

 ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေကို ရဲချုပ် အောင်ဝင်းဦးက ရှင်းပြ
မြန်မာနိုင်ငံမှာ NLD အစိုးရရဲ့ ဒုတိယ သက်တမ်းအတွင်း ဆောင်ရွက်ခဲ့မှုတွေနဲ့ ပတ်သက်လို့ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေက မေလ နေပြည်တော်မှာ ၁၅ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ ပြည်ထဲရေး ဝန်ကြီးဌာနအနေနဲ့ ရပ်ရွာ အေးချမ်း သာယာရေး၊ နိုင်ငံတော် လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး၊ အခွန်လေးမျိုး ကောက်ခံခြင်းတွေ ဆောင်ရွက်ခဲ့သလို အထူးစုံ စမ်း စစ်ဆေးရေးဌာနအနေနဲ့ စီးပွားရေးအမှု ၉၅ မှုကို စစ်ဆေးနိုင်ခဲ့ပြီး အကျဉ်းဦးစီးဌာန အနေနဲ့လည်း အကျဉ်းထောင် သစ်တွေ ဆောင်ရွက်မှု၊ အကျဉ်းထောင် ၉၄ ခုမှာ ရေသန့်စက်တွေ တပ်ဆင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့တော့ ရခိုင်ပြည်နယ် လုံခြုံရေးအတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၄ ခု ဖွင့်လှစ်ခဲ့သလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကြား ဆက်ဆံရေး ဖွင့်ဖို့ လုပ်ဆောင်တာတွေ၊ ကမ်းရိုးတန်း ကင်းလှည့်ယာဉ် ၃၇ စီး တိုးချဲ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ရဲချုပ် အောင်ဝင်းဦးက ပြောပါတယ်။

ဒါ့အပြင် ၂ဝ၁၇ ခုနှစ်အတွင်းမှာ ဘိန်းစိုက်ပျိုးမှုကို ၂၅ ရာခိုင်နှုန်း လျော့ချနိုင်ခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမှုပေါင်း ၁၃၈၈ မှုနဲ့ တရားခံပေါင်း နှစ်ထောင်နီးပါးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အစိုးရလုပ်ခဲ့တာတွေ ရှင်းလင်း
ကချင်ပြည်နယ်မှာ ပိတ်မိနေတဲ့ စစ်ရှောင် ဒုက္ခသည်တွေကို ကယ်တင်ဖို့နဲ့ စစ်ပွဲတွေ ရပ်ဖို့ မကြာသေးခင် ရက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်အတွင်း ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ရဲက လူစုခွဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ရဲချုပ် အောင်ဝင်းဦးက ရှင်းလင်း ပြောဆိုသွားပါတယ်။

ဆန္ဒထုတ်ဖော်မှုတွေ၊ စီတန်း လှည့်လည်မှုတွေမှာ အသိပေးမှုတွေ မရှိတဲ့အတွက် အရေးယူတာ ဖြစ်ကြောင်းနဲ့ ရာဇဝတ်မှု ကျင့်ထုံး ဥပဒေအရ လူစုခွဲခြင်း မပြုရင် ဒုရဲအုပ်အောက် မနိမ့်တဲ့ ရဲအရာရှိက အစုအဝေးကို လူစု ကွဲအောင် အင်အားသုံး ပြုလုပ်နိုင်ကြောင်း ပြောပါတယ်။

ဆန္ဒပြသူတွေကို ရဲက လူစုခွဲရာမှာ အရပ်ဝတ်တွေကို အသုံးပြုခဲ့တယ် ဆိုတဲ့ ဝေဖန်မှုတွေ ပေါ်ထွက်နေရာမှာ ရဲချုပ် အောင်ဝင်းဦးက သူတို့အနေနဲ့ အရပ်ဝတ်တွေကို အသုံးမပြုခဲ့ကြောင်းနဲ့ အဲဒီအရပ်ဝတ်တွေ၊ တန်ပြန်ဆန္ဒပြသူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ပြောပါတယ်။

တခါ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထိန်းသိမ်းထားတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်း မရှိကြောင်းနဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ သက်သေထွက်ဆိုချက်နဲ့ ပတ်သက်လို့ ကျန်တဲ့ တရားလိုပြ သက်သေ တွေရဲ့ ထွက်ဆိုချက်တွေကို နားထောင်ကြည့်ဖို့ လိုတယ်လို့လည်း အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဆန္ဒပြ လူစုခွဲရာမှာ အရပ်ဝတ် မသုံးခဲ့လို့ ရဲချုပ်ပြော ဆန္ဒပြ လူစုခွဲရာမှာ အရပ်ဝတ် မသုံးခဲ့လို့ ရဲချုပ်ပြော Reviewed by THITHTOOLWIN on 10:01 Rating: 5
Powered by Blogger.