ဒေသတွင်း သတင်းကြီးနေသည့် မိန်ဗလာတောင် စူးစမ်းလေ့လာမှု


ဂျပန်ခေတ်ကျန်ပစ္စည်းများ၊ ရတနာများ မြှုပ်နှံထားခဲ့သည်ဟု လူမှုကွန်ရက်မီဒီယာများတွင် ပျံ့နှံ့ လျက်ရှိသော မွန်ပြည်နယ် သံဖြူဇရပ်မြို့အနီး မိန်ဗလာတောင်ကို ပြည်နယ် အစိုးရက Royal Eagle Development Group Co.,Ltd သို့ လေ့လာခွင့်သာပြုထားခြင်းဖြစ်ပြီး တူးဆွထုတ်ယူခွင့် ပေးထားခြင်း မဟုတ်ကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။


စူးစမ်းလေ့လာခွင့်ရထား

မွန်ပြည်နယ် သံဖြူဇရပ်-ရေး ကားလမ်းအတိုင်း သံဖြူဇရပ်မြို့အနီး ဝယ်ကဝါကျေးရွာအုပ်စု၊ အောင်ကုသိုလ်ကျေးရွာအနီးရှိ မိန်ဗလာတောင်တွင် မြန်မာနိုင်ငံမှ ဂျပန်တို့ ဆုတ်ခွာချိန်ကာလအတွင်း ဂျပန်တို့လျှို့ဝှက်စွာ သိမ်းဆည်းထားသော ရတနာများစွာ ကျန်ရစ်နေဆဲဖြစ်သည်ဟု ဒေသခံများက ယုံကြည်ပြောဆိုနေကြဆဲဖြစ်ပြီး ယခုအခါ အဆိုပါတောင်ခြေနေရာ၌ ပြည်နယ်အစိုးရခွင့်ပြုချက်ဖြင့် ကုမ္ပဏီတစ်ခုက ပဏာမ စူးစမ်းလေ့လာခွင့်ရရှိထားသည်ဟု သိရသည်။

“လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေသလိုမျိုး ရတနာသိုက်ရှိခြင်း မရှိခြင်း ကတော့ ဒဏ္ဍာရီဆန်ပါတယ်၊ လေ့လာထားတဲ့ ခိုင်မာတဲ့ အချက်အလက်တွေရှိမနေသေးဘူး၊ ဂျပန်တွေရဲ့ အခြေစိုက်စစ်စခန်းတစ်ခုဖြစ်ခဲ့တာတော့ သေချာတယ်၊ လေ့လာရင်တော့ လေ့လာသင့်ပါတယ်၊ ဘယ်လိုလေ့လာ မလဲဆိုတဲ့ အချက်ကတော့ အရေးကြီးတယ်၊ လေ့လာပြီး စမ်းသပ်ပြီးလို့ အန္တရာယ် ဖြစ်စရာအခြေအနေ ရှိမရှိ သေချာစစ်ဆေးပြီးရင်တော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပြီးသားလည်း ဖြစ်တဲ့ eco tourism အဖြစ်သာ လုပ်စေချင်ပါတယ်” ဟု ပြည်နယ်ဝန်ကြီးက ပြောသည်။


ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်တို့ မြှုပ်နှံထားခဲ့သော ဂျပန်စစ်ကျန်ပစ္စည်းများ ပျက်စီးမှုမှကာကွယ်ရန်၊ တရားမဝင် တူးဖော်သူများအား တားဆီးနိုင်ရန် နှင့် နိုင်ငံတော်ဘဏ္ဍာ မဆုံးရှုံးစေရန် ရည်ရွယ်ပြီး အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခွင့်ပြုပါရန် ကုမ္ပဏီဘက်မှ တင်ပြလာသည့် အတွက် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့က ခွင့်ပြုခဲ့သော်လည်း စီမံကိန်းကြီး တစ်ခုလုံးကို လုပ်ပိုင်ခွင့်ပေးထားခြင်း မဟုတ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်ဟု မွန်သတင်းအေဂျင်စီတွင် ဖော်ပြခဲ့သည်။

“ကနဦး စူးစမ်းလေ့လာတယ်ဆိုတာ ဒေတာအချက်အလက်ကောက်ရမယ်၊ ဖြစ်နိုင်စွမ်းရှိမရှိ စစ်ဆေးရမယ်၊ ဒီအချက်ပေါ် မူတည်ပြီးတော့ ဆက်တူးမယ်၊ မတူးဘူးဆိုတာ ပြည်ထောင်စုက ဆုံးဖြတ်ချက်ချမယ်၊ ဒါကတော့ စီမံကိန်းကြီးတစ်ခုလုံးကို လုပ်ခွင့်ပြုလိုက်တာမဟုတ်ဘူး၊ လေ့လာစမ်းသပ်ခွင့်ပြုတဲ့အဆင့်ပဲရှိတယ်” ၎င်းက ပြောကြားခဲ့သည်။


ယနေ့အထိ တွေ့နိုင်

ဂျပန်ခေတ်က ကျော်ကြားခဲ့သော သေမင်းတမန် မီးရထားလမ်းကြောင့် ကမ္ဘာကျော်ခဲ့သော သံဖြူဇရပ်မြို့သည် ၁၈၇၄ ခုနှစ်က စတင်တည်ထောင်ခဲ့သည့်သံဖြူဖြင့် ပြုလုပ်ထားသော ဇရပ်ကလေး အနီး ရွာတစ်ရွာမှ အစပြုကာ သံဖြူဇရပ်မြို့ဟူ၍ ဖြစ်ပေါ်လာခဲ့သည်။ ၁၉၆၄ ခုနှစ် ဇွန်လ ၁၀ရက်မှ စတင်ကာ သံဖြူဇရပ်မြို့နယ်အဆင့်ထိ ပြောင်းလဲလာခဲ့ပြီး အရှေ့မှအနောက်သို့ ၈ ဒသမ ၂၅မိုင်၊တောင်မှမြောက်သို့ မိုင် ၄၀ ရှည်လျားကာ အကျယ်အဝန်း ၃၁၇ ဒသမ ၆၈ စတု ရန်းမိုင်ကျယ်ဝန်းသည်။ ဒုတိယ ကမ္ဘာစစ်ကာလအတွင်း ထိုင်း - မြန်မာ သေမင်းတမန်မီးရထားလမ်းဖောက်လုပ်ခဲ့စဉ်က သံဖြူဇရပ်မြို့အနီးရှိ မိန်ဗလာတောင်သည် ဂျပန်တို့အဓိက စစ်အခြေစိုက် စခန်းတစ်ခုဖြစ်ခဲ့ပြီး ၎င်းတို့ တည်ဆောက်ခဲ့သည့် မြေကတုတ်ကျင်းများ၊ လျှိုမြောင်များကိုလည်း ယနေ့ထိ တွေ့ မြင်နိုင်ဆဲဖြစ်သည်။

ဂျပန်များစစ်ကြောင်း ဆုတ်ခွာချိန်တွင် တစ်ပတ်ဆယ်ရက်ကြာထိ သုံးတန်စစ်ကားများဖြင့် အလုံပိတ်ပစ္စည်းများကို မိန်ဗလာတောင်ဆီသို့ သယ်သွားသည်ကမျက်မြင်တွေ့ခဲ့သူများရှိခဲ့ပြီး တစ်နိုင်ငံလုံးမှ သိမ်းဆည်းထားသောကျောက်သံပတ္တမြားရတနာများရှိနိုင်သည်ဟု ယူဆခဲ့ကြသည့် အလျောက် သိုက်ဆရာပေါင်းများစွာတို့လာရောက်ကာ ရတနာသိုက်ကို ရှာဖွေခဲ့ဖူးသည်ဟု သံဖြူဇရပ်မြို့ဒေသခံတစ်ဦးကလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။


ထူးခြားမှုမတွေ့ရသေး

ပဏာမ စူးစမ်းလေ့လာခွင့်ကို Royal Eagle Development Group Co.,Ltd က ရထားခြင်းဖြစ်ပြီး စီမံကိန်းဆောင်ရွက်မှုမှာ ရက်ပိုင်းမျှ သာရှိသေးသဖြင့် ထူးခြားမှုတစ်စုံတစ်ရာမတွေ့ရသေးကြောင်း စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ စီမံကိန်းကိုဆောင်ရွက်နေတာ ရက်ပိုင်းလောက်ပဲရှိပါသေးတယ်၊ အကြောင်းအရာအသေးစိတ်အချက်အလက်၊ တွေ့ရှိမှုအခြေအနေတွေကို ထူးခြားမှု ရှိတဲ့အချိန်ပဲဖြစ်ဖြစ် လကုန်ပိုင်းလောက်မှာပဲဖြစ်ဖြစ် မီဒီယာတွေကိုပြောပြသွားဖို့ရှိပါ တယ်၊ ပြည်နယ်အစိုးရဆီက ခွင့်ပြုချက်နဲ့ စီမံကိန်းကိုဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်၊ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ လုပ်နေတာမဟုတ်ပါဘူး၊ ပြင်ပလူဝင်ခွင့်မပြုသေးဘူး ဆိုတာက စက်ယန္တရား တွေသုံးပြီး အလုပ်လုပ်နေတာဖြစ်လို့ အန္တရာယ်ရှိနိုင်တာကြောင့် ပေးမဝင်တာလည်းဖြစ်ပါတယ်၊ တားမြစ်နယ်မြေအပြင်ကနေ ကြိုက်တဲ့ နေရာက ဓာတ်ပုံ ရိုက်ခွင့်ရှိပါတယ်၊ လောလောဆယ်အနေနဲ့ ဒီလောက်ပဲပြောနိုင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။


ချပြဖို့ လိုအပ်

ပဏာမ စူးစမ်းလေ့လာနေသော မြေအမျိုးအစားမှာ စက်မှုဌာနပိုင်မြေ အမျိုးအစားဖြစ်ကြောင်း သိရပြီး သံဖြူဇရပ်ဒေသခံတစ်ဦးဖြစ်သူ ကိုလင်းလင်းခိုင်က “မြေပြိုကျကုန်မလား၊ ပေါက်ကွဲကုန်မလားဆိုတဲ့ ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေမဖြစ်ရအောင် ပွင့်လင်း မြင်သာစွာချပြဖို့တော့ လိုပါမယ်၊ အထဲမှာ ဘာတွေလုပ်နေသလဲ ဒေသခံတွေက သွားမေးတိုင်း ပြည်နယ်အစိုးရကိုပဲ မေးလိုက်ပါလို့ ဖြေနေတော့ ပြည်နယ်ဝန်ကြီးချုပ်ကိုပဲ သွားမေးရမလားဖြစ်နေပါတယ်၊ ဒူးရင်းသီးကြွေချိန်ဖြစ်လို့ ဒူးရင်း သီးသွားကောက်မယ့် တောင်သူတွေအနေနဲ့ မသွားရဲတာတွေရှိတယ်၊ လုပ်ငန်းခွင်ကို ကန့်ကွက်တာတော့မဟုတ်ပေမယ့် ပွင့်ပွင့် လင်းလင်းချပြပြီး ပြည်သူတွေရဲ့ စိုးရိမ်မှုကို ဖြေလျှော့ပေးစေချင်ပါတယ်”ဟု ပြောသည်။


ပမာဏလေ့လာစူးစမ်းခွင့် ဆိုသည်မှာ သတ္တုကဏ္ဍအနေဖြင့်ဆိုပါက သတ်မှတ် ထားသည့် လေ့လာမည့်နည်းလမ်း၊ ကာလအပိုင်းအခြားများရှိမည်ဖြစ်ပြီး အများဆုံး တစ်နှစ်ထိသာ ပေးခွင့်ရှိသည်ဟုလည်း ပြည်နယ်ဝန်ကြီးက ပြောသည်။

မိန်ဗလာတောင်စူးစမ်းလေ့လာမှုနှင့်စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်း ပွဲတစ်ရပ်ကို မကြာမီရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ။

သတင်းဆောင်းပါး-မြတ်မွန်ထွေး (မြန်မာ့အလင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဒေသတွင်း သတင်းကြီးနေသည့် မိန်ဗလာတောင် စူးစမ်းလေ့လာမှု ဒေသတွင်း သတင်းကြီးနေသည့် မိန်ဗလာတောင် စူးစမ်းလေ့လာမှု Reviewed by THITHTOOLWIN on 11:39 Rating: 5
Powered by Blogger.