မြစ်ကြီးနား - မန္တလေး မီးရထားလမ်းပိုင်းတချို့ မိုင်းခွဲခံရတာကြောင့် ခရီးစဉ်တွေ ရပ်ဆိုင်း

မြစ်ကြီးနား - မန္တလေး မီးရထားလမ်းပေါ်မှာ မိုင်းခွဲတိုက်ခိုက်ရမှုကြောင့် ရထားခရီးစဉ်တွေ ဖျက်သိမ်းကြောင်း မြစ်ကြီးနား ဘူတာရုံမှာ ၂၀၁၈ ခုနှစ်၊ မေလ ၁၆ ရက်နေ့က ကြေညာထားစဉ် / Photo: Kyaw Myo Min/ RFA
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်က မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပေါ်မှာ မနေ့ည သန်းခေါင်ချိန်နဲ့ ဒီနေ့ နေ့လည်ပိုင်းအထိ သံလမ်းတံတားနဲ့ ရထားတချို့ မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် ခရီးစဉ်တွေကို ရပ်ဆိုင်းလိုက် ရပါတယ်။

မြစ်ကြီးနား - မန္တလေး မီးရထားလမ်းပေါ်မှာ မိုင်းခွဲတိုက်ခိုက်ရမှုကြောင့် သံလမ်းတံတား ၃ စင်းနဲ့ ရထားတွဲတွေ ပျက်စီးသွားတယ်လို့ မြစ်ကြီးနား ရုံပိုင်ချုပ် ဦးခင်သော် က ပြောပါတယ်။

"စုစုပေါင်း မနေ့ညက ၂ ကြိမ်ပေါ့နော်။ အခု နေ့ခင်းမှာ ၁ ကြိမ် ကွဲတယ်လို့ သတင်းရရှိထားပါတယ်ဗျ။ ထိုပူး နဲ့ မိုးကောင်းကြားမှာ တံတား ၂ စင်းပါ။ မရမ်း နဲ့ နမ္မတီးကြားက ၁ စင်း၊ အားလုံး စုစုပေါင်း ၃ စင်းပါဗျ။ တွဲ ၄ တွဲပေါ့ဗျာ။ စောင်းတာရော၊ လမ်းချော်ကျတာရော။ ဘီးတွေပြုတ်ထွက်တာတွေရော အားလုံး ၄ တွဲပါဗျ"

မိုင်းခွဲတိုက်ခိုက်ခံရတဲ့ နေရာတွေဟာ ထိုပူး နဲ့ မိုးကောင်းကြား က မိုင်တိုင်အမှတ် ၆၈၄/၁၈-၁၉ နဲ့ ၆၈၂/၁-၂ ဖြစ်ပြီး၊ မရမ်း နဲ့ နမ္မတီး ဘူတာအကြား မိုင်တိုင်အမှတ် ၆၉၅/ ၂၄ နဲ့ ၆၉၆/၁ နေရာတွေမှာဖြစ်ပါတယ်။

အဲဒီအခြေအနေတွေကြောင့် ဒီကနေ့ မြစ်ကြီးနားကနေ မန္တလေးဘက် စုန်ဆင်းမယ့် ခရီးသည် အယောက် ၃ ရာ ကျော်အတွက် လက်မှတ်ခတွေကို မြန်မာ့မီးရထားက ပြန်အမ်းပေးခဲ့ပါတယ်။

ဒါ့အပြင် မန္တလေးဘက်ကနေ ဆန်တက်လာတဲ့ ရထားတွေဟာ မိုးညှင်း နဲ့ ဟိုပင်ဘူတာတွေမှာ ရပ်နားထားရပြီး အဲဒီမှာ လိုက်ပါလာတဲ့ ခရီးသည်တွေကို မြန်မာ့မီးရထားက အကုန်အကျခံပြီး ကားတွေနဲ့ လိုရာခရီးရောက်အောင် ပို့ဆောင်နေပါတယ်။

ဟိုပင် နဲ့ မိုးညှင်းမြို့တွေဘက်က ဒေသခံပြည်သူတွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေကလည်း ရထားလမ်းခရီး ပိတ်မိနေသူတွေကို ကူညီနေတယ်လို့ သိရပါတယ်။

ရထားလမ်း ဘယ်အချိန်ပြန်ကောင်းနိုင်မယ်ဆိုတာတော့ မသိရသေးကြောင်းနဲ့ လောလောဆယ်မှာ ပျက်စီးသွားတဲ့ တံတားနဲ့ လမ်းပိုင်းပြင်ဆင်နေပါတယ်။

မြန်မာပြည်မြောက်ပိုင်းမှာ ၁၉၆၀ ကျော်က စလို့ ဖြစ်ပွားခဲ့တဲ့ တပ်မတော် နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြောင့် မီးရထားသံလမ်း၊ တံတား နဲ့ အစိုးရ အဆောက်အဦတွေများစွာ မိုင်းခွဲဖျက်ဆီးခံရပြီး အများပြည်သူတွေ ထိခိုက်သေကြေမှုနဲ့အတူ နိုင်ငံတော်ဘဏ္ဍာ ဘီလျံပေါင်းများစွာ ဆုံးရှုံးနေရတာဖြစ်ပါတယ်။

အခုလို မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ မြစ်ကြီးနား-မန္တလေး မီးရထားလမ်းဟာ ကချင်ပြည်နယ်၊ စစ်ကိုင်း နဲ့ မန္တလေးတိုင်းဒေသကြီးတွေက သန်းနဲ့ချီတဲ့ ပြည်သူတွေ ခေတ်အဆက်ဆက် အားထားသွားလာနေရတဲ့ လမ်းဖြစ်သလို အဓိက ကုန်စည်စီးဆင်းရာလမ်းကြောင်းလည်း ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
မြစ်ကြီးနား - မန္တလေး မီးရထားလမ်းပိုင်းတချို့ မိုင်းခွဲခံရတာကြောင့် ခရီးစဉ်တွေ ရပ်ဆိုင်း မြစ်ကြီးနား - မန္တလေး မီးရထားလမ်းပိုင်းတချို့ မိုင်းခွဲခံရတာကြောင့် ခရီးစဉ်တွေ ရပ်ဆိုင်း Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.