မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲ ဖြစ်ဖို့ ထရမ့် မျှော်လင့်

လစ်ဗျား ရဲ့ နျူကလီးယား အရင် ဖျက်သိမ်း ပေးခဲ့တဲ့ ကိစ္စ နဲ့ မြောက်ကိုရီးယား ရဲ့ အခြေအနေနဲ့ မတူဘူးလို့ ပြော
ဇွန်လ ၁၂ ရက်နေ့မှာ လုပ်မယ့် အမေရိကန် သမ္မတ နဲ့ ကင်ဂျုံအွန်း တို့ရဲ့ တွေ့ဆုံ ပွဲကို ဖျက်ပစ်မယ် ဆိုတဲ့ မြောက်ကိုရီးယား တို့ ခြိမ်းခြောက် ပြောဆို ထားတဲ့ ကိစ္စ ကို သမ္မတ ဒေါ်နယ် ထရမ့် က ဖြောင်းဖျ ပြောဆို ခဲ့ပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့် က လစ်ဗျား ရဲ့ နျူကလီးယား အရင် ဖျက်သိမ်း ပေးခဲ့တဲ့ ကိစ္စ နဲ့ မြောက်ကိုရီးယား ရဲ့ အခြေအနေနဲ့ မတူဘူးလို့ ပြောပါတယ်။

မြောက်ကိုရီးယား ရဲ့ နျူကလီးယား အစီအစဉ် ကို သုံးသပ် တဲ့ အခါမှာ လစ်ဗျား ရဲ့ အဖြစ်အပျက် လိုမျိုး မဟုတ်ဘူး လို့ ပြောခဲ့ပါတယ်။ လစ်ဗျား က ပျက်စီး ခဲ့ပြီးသား တိုင်းပြည် ဆိုတော့ သဘောတူညီမှုကို ဆက်လက် ဆောင်ရွက် စရာ မလိုတော့ဘူး။ မြောက်ကိုရီးယား ကျတော့ ကင်ဂျုံအွန်း ရှိတယ်။ နိုင်ငံကို သူကပဲ ဆက်လက် ဦးဆောင်မှာပါလို့ ဆိုခဲ့ပါတယ်။

လစ်ဗျား နိုင်ငံရဲ့ နျူကလီးယား အစီအစဉ် ဆိုတာ က ၂၀၀၃ ခုနှစ် တုန်း က အဲဒီ အချိန်က လစ်ဗျား ခေါင်းဆောင် မိုဟာမက် ကဒါဖီ က သူ့နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်ကို အရင်ဆုံး ဖျက်သိမ်း ပေးခဲ့ရတာပါ။

အဲဒီနောက်မှာ မှ အမေရိကန် နဲ့ သံတမန် ဆက်ဆံရေး ရခဲ့တာ ဖြစ်ပါတယ်။ တနှစ် အကြာမှာ တော့ ကဒါဖီလည်း အနောက်အုပ်စု က ထောက်ပံ့မှု ပေး ထားတဲ့ သူပုန် အဖွဲ့ ရဲ့ လက်ချက် နဲ့ပဲ သေဆုံး ခဲ့ပါတယ်။

ဒီလို လစ်ဗျား ရဲ့ အနျူမြူ လက်နက် အရင်ဆုံး ဖျက်သိမ်း ခဲ့တဲ့ သာဓက ကို မြောက်ကိုရီးယား တို့က နမူနာ ယူ ရမယ် ဆိုပြီးတော့ အမေရိကန် သမ္မတ ရဲ့ လုံခြုံရေး အကြံပေး ဂျွန် ဘောလ်တန် က ပြောဆို ခဲ့တာပါ။

ဒီလို ပြောဆို မှု ကို မြောက်ကိုရီးယား တို့က အင်မတန်မှ ဒေါသပုန် ထ ခဲ့ပြီး ရှေ့လထဲ စင်္ကာပူ မှာ တွေ့ဖို့ စီစဉ် ထားတဲ့ ဒေါ်နယ် ထရမ့် နဲ့ ကင်ဂျုံအွန်း တို့ရဲ့ ထိပ်သီး ဆွေးနွေးပွဲ ကို ပြန်စဉ်းစား မယ်ဆိုပြီးတော့ ဗုဒ္ဓဟူး နေ့ မှာ ခြိမ်း ခြောက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
 တောင်ကိုရီးယား နဲ့ တွေ့ဆုံမယ့် ထိပ်သီး ဆွေးနွေး ပွဲ ကို ဖျက် သိမ်းခဲ့ပါ
ဒါ့အပြင် အမေရိကန် နဲ့ တောင် ကိုရီးယား တို့ ပူးတွဲ စစ်ရေး လေ့ကျင့်မှု အပေါ်မှာလည်း မြောက်ကိုရီးယား က ဒေါသ တကြီး နဲ့ တုန့်ပြန် ခဲ့ပြီး တောင်ကိုရီးယား နဲ့ တွေ့ဆုံမယ့် ထိပ်သီး ဆွေးနွေး ပွဲ ကို ဖျက် သိမ်းခဲ့ပါတယ်။

စစ်ရေး လေ့ကျင့်မှု နဲ့ ပတ်သက်လို့ ပတ်သက်လို့ အိမ်ဖြူတော် ပြောရေး ဆိုခွင့် ရှိသူ ဆာရာ ဆန်းဒါး က မြောက်ကိုရီးယား တို့ ဟာ ဒီလို ပုံစံမျိုး နဲ့ ဘယ်လို ဆွေးနွေးမလဲ ဆိုတာ တော့ မသိပါဘူး။ ဒီ စစ်ရေး လေ့ကျင့်မှု တွေက အရင်တုန်း ကထဲ က ကြိုတင် စီစဉ် ထားတဲ့ ကိစ္စတွေပါ။ နှစ်စဉ် လုပ်လေ့ ရှိပါတယ်။ ဒါကို သူတို့လည်း သိပါတယ်။ ချက်ချင်း ပြောင်းလို့ ရတာ မဟုတ်ဘူးလို့ ပြောဆို သွားခဲ့ပါတယ်။

အမေရိကန် သမ္မတ ကတော့ နှစ် နိုင်ငံ ခေါင်းဆောင် တွေ တွေ့ဆုံမယ့် အစီအစဉ် ကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ မျှော်လင့် ကြောင်း ပြောဆိုထားပါတယ်။

ဒါပေမယ့် နျူကလီးယား ဖျက်သိမ်းရေး ဆိုတဲ့ ကိစ္စမှာ မြောက်ကိုရီးယား နဲ့ အမေရိကန် တို့ ကြားမှာ ခြားနားမှု ရှိနေပြီး ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးမှ ပြေလည် နိုင်မယ့် ကိစ္စ ဆိုပြီး လေ့လာသူတွေက သုံးသပ် နေပါတယ်။

BBC Burmese
http://www.bbc.com/burmese
မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲ ဖြစ်ဖို့ ထရမ့် မျှော်လင့် မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲ ဖြစ်ဖို့ ထရမ့် မျှော်လင့် Reviewed by THITHTOOLWIN on 09:13 Rating: 5
Powered by Blogger.