ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ တနေ့ ကလေး ၆ဝ ဦးနှုန်းမွေးဖွားနေ


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည်စခန်းတွေမှာ တနေ့ကို ကလေးအယောက် ၆ဝ ခန့် မွေးဖွားနှုန်းရှိတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ UNICEF က ဒီကနေ့ ပြောကြားပါတယ်။

ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခတွေအပြီး ၉ လအတွင်း ဒုက္ခသည် စခန်းတွေမှာ မွေးဖွားခဲ့တဲ့ ကလေးအရေအတွက်ဟာ ၁ သောင်း ၆ ထောင်ကျော်ရှိပြီး ဒီအထဲက ၃ ထောင်ခန့်သာ ကျန်းမာရေးစောင့်ရှောက်မှုဂေဟာတွေမှာ မွေးဖွားခဲ့တာလို့ သိရပါတယ်။

တနေ့ကို ပျမ်းမျှ ကလေး ၆ဝ ခန့်ဟာ ဆိုးဝါးတဲ့ အခြေအနေတွေအောက်မှာ မွေးဖွားလာနေကြကြောင်း၊ အကြမ်းဖက်မှု၊ မုဒိမ်းမှုအပါအဝင် အကြမ်းဖက်မှုတွေ ခံထားရတဲ့ မိခင်တွေဟာလည်း ကိုယ့်နေအိမ်မဟုတ်တဲ့ နေရာတွေမှာ သားဖွားနေကြရကြောင်း UNICEF ဌာနကိုယ်စားလှယ်က ပြောပါတယ်။

တချိန်ထဲမှာလည်း မြန်မာနိုင်ငံဖက်မှာ အကြမ်းဖက် အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရရှိလာတဲ့ အမျိုးသမီးတွေဟာ ဒီအချိန် သားဖွားချိန်ရောက်နေပြီဖြစ်လို့ ကယ်ဆယ်ရေးအလုပ်သမားတွေက သူတို့ကို ကူညီနိုင်ဖို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ အပူတပြင်းရှာဖွေနေတယ်လို့လည်း ဒါကာက လာတဲ့ AFP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ သားဖွားမယ့်အမျိုးသမီး ၄ သောင်း ၈ ထောင်ခန့်ရှိပြီး ဒီအထဲမှာ အဓမ္မမုဒိမ်းပြုကျင့်ခံရသူတွေလည်း ပါနိုင်ကြောင်း၊ ဒီအမျိုးသမီးတွေဟာ အများအားဖြင့် အရှက်ကြောင့် လူသူသိမခံဘဲ လျှို့ဝှက်မွေးဖွားနိုင်ပြီး ကလေးတွေဟာလည်း အစွန့်ပစ်ခံရဖို့အန္တရာယ်ရှိကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရကတော့ အဓမ္မပြုကျင့်ခဲ့တယ်ဆိုတာ စွပ်စွဲချက်တွေသာဖြစ်ပြီး တကယ်ကျူးလွန်ကြောင်း သက်သေပြတိုင်ကြားမယ်ဆိုရင် ကျူးလွန်သူကို အရေးယူအပြစ်ပေးသွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ တနေ့ ကလေး ၆ဝ ဦးနှုန်းမွေးဖွားနေ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ တနေ့ ကလေး ၆ဝ ဦးနှုန်းမွေးဖွားနေ Reviewed by THITHTOOLWIN on 09:18 Rating: 5
Powered by Blogger.