ဒုက္ခသည် လွှဲပြောင်းရေး ပူးတွဲလုပ်ငန်းအဖွဲ့ ဒါကာမှာ တွေ့ဆုံ

 ဒါကာမြို့ အစည်းအဝေး
ရိုဟင်ဂျာ ဒုက္ခသည် လွှဲပြောင်းရေး အစီအစဉ် အမြန်ဆုံး အထမြောက်လာဖို့ အရေးကြီးကြောင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နိုင်ငံကြား ဖွဲ့စည်းထားတဲ့ ပူးတွဲ လုပ်ငန်းအဖွဲ့ အနေနဲ့ သဘောပေါက် နားလည် ထားတယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံက လာတဲ့ သတင်းတွေက ဆိုပါတယ်။

ပူးတွဲ လုပ်ငန်းအဖွဲ့ရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို ဒါကာမြို့တော်မှာ မနေ့(မေလ ၁၇ ရက်၊ ကြာသပတေးနေ့) က ပြုလုပ် ခဲ့ပါတယ်။

ဒုက္ခသည် ပြန်လည် လွှဲပြောင်းရေးဟာ အင်မတန် ရှုပ်ထွေးပြီး၊ ခက်ခဲတာ မှန်ပေမယ့် အမြန်ဆုံး စတင်နိုင်ဖို့ လိုအပ်တာကို နှစ်ဘက်စလုံးက နားလည် သဘောပေါက် ကြတယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ရှာဟီဒူလ် ဟပ်ခ်က သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာဘက်က လုပ်ငန်းအဖွဲ့ကိုတော့ မြန်မာနိုင်ငံခြားရေး ဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ ခေါင်းဆောင်ပြီး သွားရောက် နေတာ ဖြစ်ပါတယ်။

 ဘင်္ဂလားဒေ့ရှ်ထဲက ဒုက္ခသည်စခန်း
နှစ်နိုင်ငံကြား ဒုက္ခသည် ပြန်လည် လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး သဘောတူ စာချုပ် ချုပ်ဆို ထားတာ ၆ လ နီးပါး ရှိလာပြီ ဖြစ်ပေမယ့်၊ တကယ်တမ်း အကောင်အထည် မဖော်နိုင် ဖြစ်နေပါတယ်။

ပြန်လာလိုသူတွေ ဖြည့်စွက်ရမယ့် လျှောက်လွှာတွေကို သတ်မှတ် ပုံစံ အတိုင်း ဖြည့်စွက် ထားခြင်း မရှိတဲ့ အတွက် စိစစ်ရ ခက်နေတယ်လို့ မြန်မာ အာဏာပိုင်တွေ ဘက်က ပြောထားပါတယ်။

ဒီအချိန်မှာပဲ၊ ရိုဟင်ဂျာ အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာ အစိုးရထံ တရားဝင် အမှုဖွင့် တိုင်ကြားနိုင်ဖို့ အစီအစဉ် တခုကို လုပ်ဆောင် နေပြီလို့ မြန်မာဘက်က ကြေညာ ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး သွားကြသူတွေ အဲဒီဘက်မှာ တိုင်ကြားနိုင်အောင် မြန်မာ နိုင်ငံက အဖွဲ့ တဖွဲ့ဘင်္ဂလားဒေ့ရှ်ကို စေလွှတ် ဆောင်ရွက်မယ် ဆိုပြီး ဒုက္ခသည် လက်ခံရေးနဲ့ ရခိုင်ပြည်နယ်တွင်း ရေရှည် ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ဦးဆောင် ဆောင်ရွက် နေသူ တစ်ယောက် ဖြစ်တဲ့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဒုက္ခသည် လွှဲပြောင်းရေး ပူးတွဲလုပ်ငန်းအဖွဲ့ ဒါကာမှာ တွေ့ဆုံ ဒုက္ခသည် လွှဲပြောင်းရေး ပူးတွဲလုပ်ငန်းအဖွဲ့ ဒါကာမှာ တွေ့ဆုံ Reviewed by THITHTOOLWIN on 09:17 Rating: 5
Powered by Blogger.