NVC ကဒ်ကိုင်ထားရင် လွတ်လပ်စွာသွားလာလို့ရ

ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်။ Photo: Thant Zin Oo/RFA
နိုင်ငံသားစိစစ်မှ သက်သေခံကဒ်ပြား NVC (National Verification Card) ကိုင်ဆောင်ထားသူအားလုံး တစ်နိုင်ငံလုံးမှာ လွတ်လပ်စွာသွားလာခွင့် ရနေပြီဖြစ်ကြောင်း အဲဒီအတွက် လူဝင်မှုကြီးကြပ်ရေး ပုံစံ ၄ ကို ဖြည့်ရမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သတင်းမီဒီယာသမားတွေရဲ့ မေးခွန်းကို ဖြေကြားခဲ့ တာဖြစ်ပါတယ်။

"အနည်းဆုံး NVC ကဒ်ကိုင်ဆောင်ထားတဲ့သူသည် Freedom of movement ရရမယ်ဆိုတဲ့ဟာကို ကျနော်တို့ ဆောင်ရွက်နေတယ်၊ ဆောင်ရွက်နေတဲ့ အချိန်မှာပဲ အဖြစ်အပျက်တွေက ဖြစ်နေတယ်၊ ဒါ့ကြောင့် အခုတော့ဒါကို Speed Up လုပ်တယ်၊ NVC Process ကို Speed Up လုပ်တယ်၊ ကိုင်ထားတဲ့ သူတွေကို Freedom of movement ရဖို့အတွက်ကို ကျနော်တို့ သက်ဆိုင်ရာ လုံခြုံရေးနဲ့ဆိုင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန ကျနော်တို့ အကုန်လုံး ဆွေးနွေးတိုင်ပင်ပြီးပြီ၊ လူဝင်မှုကြီးကြပ်ရေး ဒီကဒ်ကိုင်ဆောင်ထားလို့ရှိရင် နဂိုကရှိခဲ့တဲ့ Restriction တွေကို ကျနော်တို့ လျှော့ချလိုက်ပြီ၊ လဝကဆိုတာ လူဝင်မှုကြီးကြပ်ရေးက ပုံစံ ၄ တစ်ခုကို ပုံစံ ၄ ဖောင် ၄ အဲတစ်ခုကို ဖြည့်လိုက်တာနဲ့ ဖြည့်ပြီးရင် သက်ဆိုင်ရာကို အကြောင်းကြားပြီးတော့ သွားချင်တဲ့နေရာကို သွားလို့ရတဲ့ အဲပုံစံဖြစ်သွားပါပြီ၊ ဒါကို ကျနော်တို့ လက်တွေ့လုပ်ဆောင်နေပါတယ်"

ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတွေမှာရှိနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်လက် ခံနိုင်ရေးအတွက် လူဦးရေ ကန့်သတ်ထားတာ မရှိသလို နှောင့်နှေးနေရတဲ့အကြောင်းမှာ လူဝင်မှုကြီးကြပ်ရေးက လိုအပ်တဲ့ ပြန်လည်လက်ခံရေးပုံစံစာရွက်တွေ ဖြည့်ရာမှာ မပြည့်စုံတာတွေကို တွေ့ရကြောင်း၊ ဓါတ်ပုံနဲ့ လက်မှတ်တွေ မပါတာတွေများကြောင်း ပြောပါတယ်။ အခုဆိုရင် ဒုက္ခသည်တွေဖြည့်ရမယ့် ပုံစံစာရွက်တွေ အသစ်ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ခုနှစ်သိန်းကျော်လောက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ အစိုးရက စိစစ်လက်ခံပြီးသား ဒုက္ခသည်အရေအတွက်က ၇ဝဝ လောက်ရှိပြီး ဘင်္ဂလားဒေ့ရှ် အစိုးရထံကို အမည်စာရင်းတွေ ပြန်လည်ပေးပို့ထားပါတယ်။

ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ပြင်ဆင်ခဲ့တာဖြစ်ပေမယ့် ဒီနေ့အထိ တဘက်နိုင်ငံ ဒုက္ခသည်စခန်းတွေကနေ ပြန်ဝင်လာသူ မရှိသေးပါဘူး။

RFA Burmese
https://www.rfa.org/burmese
NVC ကဒ်ကိုင်ထားရင် လွတ်လပ်စွာသွားလာလို့ရ NVC ကဒ်ကိုင်ထားရင် လွတ်လပ်စွာသွားလာလို့ရ Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.