အာဖဂန်မှာ ညီအကို ၃ ဦးကို IS အဖွဲ့ ခေါင်းဖြတ်ကွပ်မျက်


အာဖဂန်နစ္စတန်နိုင်ငံမှာ IS လို့ခေါ်တဲ့ အစ္စလာမ္မာစ်နိုင်ငံတော် ထူထောင်ရေး အကြမ်းဖက်အဖွဲ့က ညီအကို ၃ ဦးကို ခေါင်းဖြတ်ကွပ်မျက်လိုက်တယ်လို့ အာဖဂန်အရာရှိတွေက ဒီကနေ့ ပြောပါတယ်။

အသက် ၁၉ နှစ်၊ ၂၄ နှစ်နဲ့ ၂၇ နှစ်အရွယ် ညီအကိုသုံးဦးကို နာဂါဟာဒေသမှာရှိတဲ့ နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး မနေ့ညက ခေါင်းဖြတ်သတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။

ပါကစ္စတန်နဲ့ နယ်စပ်ဖြစ်တဲ့ အဲဒီနာဂါဟာဒေသဟာ IS စစ်သွေးကြွအဖွဲ့ရဲ့ အမာခံခြေကုတ်နယ်မြေ တစ်ခုလည်း ဖြစ်ပါတယ်။

ညီအကို ၃ ယောက်ထဲမှာ အကြီးနှစ်ယောက်က မကြာသေးခင်ကမှ ဆေးတက္ကသိုလ်က ဘွဲ့ရရှိထားသူတွေ ဖြစ်ပြီး၊ အငယ်ဆုံးတစ်ယောက်ကတော့ ဆေးတက္ကသိုလ်တက်ရောက်နေဆဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ဖခင်ဖြစ်သူဟာလည်း မနှစ်က IS အဖွဲ့ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ်။

အခု ညီအကို ၃ ဦးခေါင်းဖြတ်ခံရမှုဟာ အာဖဂန်မှာ IS အဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကြီးတစ်ခုလို အာဖဂန်အရာရှိတွေက ပြောပါတယ်။ မနေ့ကလည်း ကဘူးမြို့တော်မှာ IS အဖွဲ့ရဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၅၇ ဦးသေဆုံးပြီး၊ ၁၀၀ ကျော် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဒီအတောအတွင်း အာဖဂန်နစ္စတန်အရှေ့ပိုင်းမှာ ဒီကနေ့ တာလီဘန်သူပုန်တွေလက်ချက်နဲ့ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် ၁၄ ဦး ကျဆုံးခဲ့ရတယ်လို့ အာဖဂန်အရာရှိတွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အာဖဂန်မှာ ညီအကို ၃ ဦးကို IS အဖွဲ့ ခေါင်းဖြတ်ကွပ်မျက် အာဖဂန်မှာ ညီအကို ၃ ဦးကို IS အဖွဲ့ ခေါင်းဖြတ်ကွပ်မျက် Reviewed by THITHTOOLWIN on 22:11 Rating: 5
Powered by Blogger.