အမ်းမြို့နယ် သင်္ချိုင်းမြေ ၄ နေရာ၌ CNPC နှင့် MOGE တို့ကို တစ်ပြိုင်တည်းကျိန်စာတိုက် ဆန္ဒပြ


နိရဉ္စရာ၊ ဧပြီ ၂၅

ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ် သင်္ချိုင်းမြေ ၄ နေရာ၌ CNPC တရုတ်ကုမ္ပဏီနှင့် MOGE တို့ကို တစ်ပြိုင်တည်း ကျိန်စာတိုက် ဆန္ဒပြပွဲ တစ်ခုကို အမ်းဒေသခံပြည်သူ ၅၀၀ ခန့်က ဧပြီလ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့သည်ဟု သိရသည်။

ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လယ်ယာနှင့် ဥယျာဉ်ခြံမြေများအတွက် CNPC ကုမ္ပဏီက လျော်ကြေးမပေးသည့် အပြင် SEOP နှင့် SEGP တရုတ်ကုမ္ပဏီတို့က ၂၀၁၄ ခုနှစ်က လက်ကမ်းစာစောင် ဖြန့်ဝေရာတွင် ပိုက်လိုင်း စီမံကိန်းအတွင်း သင်္ချိုင်းမြေနေယာများ ပါသွားခြင်း မရှိဟု ၀ါဒဖြန့်ချိမှု လုပ်ရပ်အပေါ် မကျေနပ်၍ ယခုကဲ့သို့ သင်္ချိုင်း ၄ နေရာတွင် ကျိန်စာတိုက် ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့ကိုယ်တိုင်က သင်္ချိုင်းမြေတွေ မပါဘူးလို့ ပြောတယ်။ ဒီနေ့ လက်တွေ့ကျကျ သင်္ချိုင်း မြေတွေ ပါသွားတဲ့အတွက်ကြောင့် အခုလိုမျိုး သင်္ချိုင်းမြေမှာ ကျိန်စာတိုက် ဆန္ဒပြရတာ ဖြစ်ပါတယ်။ ကျိန်စာကို စာရွက်ပေါ်မှာ ရေးထားတဲ့အတိုင်း ရွတ်ဖတ်ပြီးတော့၊ အဲ့ဒီစာရွက်ကိုပဲ ဖနှောင့်တိုက်ပြီး CNPC နဲ့ MOGE တို့ သေဆုံးသွားပါပြီဆိုတဲ့ မှတ်တိုင်အောက်မှာပဲ မြေမြှုပ်လိုက်ပါတယ်”ဟု အမ်းမြို့နယ် ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလွှင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

အစပိုင်းတွင် ရိုးရာထုံးစံအတိုင်း ကျိန်စာတိုက်ရန် ရည်ရွယ်ထားသော်လည်း ကျေးရွာလူထုများအပေါ် ထိခိုက်မှု မဖြစ်ပွားစေရန် ရည်ရွယ်၍ သာမန်ကျိန်စာတိုက်မှုကိုသာ ပြုလုပ်ခဲ့သည်ဟု သူက ပြောဆိုသည်။


ကျိန်စာတိုက်မှု ပြုလုပ်ခဲ့သော သင်္ချိုင်း ၄ နေရာမှာ အမ်းမြို့နယ် နွားရုံတောင်အုပ်စုတွင် မျောက်ကိုက်ကျေးရွာ သင်္ချိုင်း၊ တန်းတင်အုပ်စုတွင် သံပုရာ သင်္ချိုင်း၊ စခန်းမော်အုပ်စု ခမောင်းချောင်း သင်္ချိုင်းနှင့် အမ်းတောင်အုပ်စုတွင် ဆင်ခုံတိုင် သင်္ချိုင်းတို့ဖြစ်ကြောင်း သိရသည်။

ကျိန်စာတိုက် ဆန္ဒပြချိန်တွင် အမ်းမြို့နယ် ကျေးရွာအုပ်စု ၉ ခုမှ လူ ၅၀၀ ခန့် ရောက်ရှိခဲ့သော်လည်း ကျိန်စာတိုက်ပြီးအချိန်တွင် ကျေးရွာသား ၈၀၀ ခန့် လာရောက် ပူးပေါင်းခဲ့ကြသည်ဟု သိရသည်။

ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် လယ်ယာနှင့် ဥယျာဉ်ခြံမြေများ ဆုံးရှုံးမှု အပေါ် လျော်ကြေးမရ၍ အမ်းဒေသခံသူများက မတ်လ ၂၂ ရက်နေ့တွင် တစ်ကြိမ်၊ ဧပြီလ ၇ ရက်နေ့တွင် တစ်ကြိမ် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပြီး ဆန္ဒပြပွဲကို အရှိန်မြှင့်လုပ်ဆောင်သည့်အနေဖြင့် ယခုအကြိမ်တွင် ကျိန်စာတိုက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု သိရှိရသည်။

စံမောင်သန်း၊ ရန်ကုန်
Narinjara
https://www.facebook.com/Narinjara
အမ်းမြို့နယ် သင်္ချိုင်းမြေ ၄ နေရာ၌ CNPC နှင့် MOGE တို့ကို တစ်ပြိုင်တည်းကျိန်စာတိုက် ဆန္ဒပြ အမ်းမြို့နယ် သင်္ချိုင်းမြေ ၄ နေရာ၌ CNPC နှင့် MOGE တို့ကို တစ်ပြိုင်တည်းကျိန်စာတိုက် ဆန္ဒပြ Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.