နိုင်ငံသားဖြစ်ထိုက်သူတွေ ငါးလအတွင်း ဖြစ်ခွင့်ရမယ်

ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲ
ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ရသူတွေ နေရပ်ပြန်လာဖို့ နှောင့်နှေးကြန့်ကြာတာဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အချင်းချင်းနားလည်မှု လွဲမှားတာကြောင့် ဖြစ်တယ်ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံ ရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ နိုင်ငံတော် လုံခြုံရေးအကြံပေး ဦးသောင်းထွန်းတို့ နဲ့အတူ ဧပြီ ၁၉ ရက်က ရန်ကုန်မြို့ မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ရောက်နေသူတွေ နေရပ်ပြန်လာဖို့ ကြန့်ကြာတာဟာ ဒုက္ခသည်တွေ ဖြည့်ရမယ့် ဖောင်ပုံစံတွေဟာ မြန်မာအစိုးရက ပေးပို့ထားတဲ့ အချက်တချို့ ကျန်ခဲ့တာကြောင့် ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။

ဖောင်မှာ မဖြစ်မနေပါရမယ့် ဒုက္ခသည်တွေ ကိုယ်တိုင်ထိုးထားတဲ့လက်မှတ်၊ လက်ဗွေရာ နဲ့ ဓာတ်ပုံတွေ ကျန်ခဲ့ပြီး ဒါဟာ မြန်မာအစိုးရဘက်က စိစစ်လက်ခံမှုကို နှောင့်နှေးစေတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ဒီလိုဖြစ်ရတာကို ဘင်္ဂလားဒေ့ရှ်ဘက်က ကျေကျေလည်လည် မရှင်းပြနိုင်ခဲ့ပေမယ့် အခုတော့ သတ်မှတ်ပုံစံအတိုင်းဖြည့်ဖို့ နှစ်နိုင်ငံစလုံး သဘောတူခဲ့တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်က ဒါကာနဲ့ ကော့ဘဇား ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက သတင်းစာ ရှင်းပွဲမှာ ပြောပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းက နေရပ်စွန့်ခွာသူတွေ ပြန်လာရေး အစီစဉ်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၃ ကတည်းက ဘင်္ဂလားဒေ့ရှ် - မြန်မာ ၂ နိုင်ငံအဆင့်မြင့်အရာရှိတွေက လက်မှတ်ထိုး သဘောတူထားတာ ဖြစ်ပြီး အခု ငါးလ နီးပါး ကြာတဲ့အထိ ဒုက္ခသည်တွေဟာ နေရပ်မပြန်နိုင်သေးဘဲ ဖြစ်နေတာပါ။

ဒုက္ခသည်တွေကတော့ နေရပ်ပြန်လာတဲ့ အခါမှာ သူတို့ကို ထုတ်ပေးမယ့် အန်ဗီစီကဒ်ပါ အချက်အလက်တွေကိုဖြေလျှော့ပေးဖို့ နဲ့ နိုင်ငံသားဖြစ်ခွင့် အမြန်ဆုံးရဖို့ကို လိုလားနေကြတာပါ။

သတင်းစာရှင်းလင်းပွဲ မှာတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နေရပ်ပြန်လာပြီး အန်ဗီစီကဒ် ရသူတွေဟာ သက်ဆိုင်ရာ ပြည်နယ်မှာ လွတ်လွတ်လပ်လပ် သွားလာခွင့် ရမှာဖြစ်သလို တနိုင်ငံလုံး ခရီးသွားလာခွင့် နယ်စပ်ဖြတ်ကျော်ခွင့် ကိုလည်း ပြည်နယ်အစိုးရတွေရဲ့ ခွင့်ပြုချက်နဲ့ သွားလာခွင့် ပေးထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အန်ဗီစီကဒ် ကိုင်ထားတဲ့ ဥပဒေအရ နိုင်ငံသားဖြစ်ထိုက်သူတွေ ငါးလအတွင်း နိုင်ငံသား ရမယ်ဆိုပြီး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသွားပါတယ်။

ဒေါက်တာ ဝင်းမြတ်အေး ခေါင်းဆောင်တဲ့ ဝန်ကြီးတွေပါတဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၁ဝ ရက်က ၁၃ ရက်အထိ သွားရောက်တဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း ၊ ကော့ဘဇားဒုက္ခသည် စခန်းထဲက နေရပ်စွန့်ခွာသူတွေနဲ့ တွေ့ခဲ့ပြီး အခြေအနေ မေးမြန်းခဲ့ပါတယ်။

နေရပ်အမြန်ဆုံးပြန်ဖို့ကို ဒုက္ခသည်တွေအနေနဲ့ ဆန္ဒရှိနေသလို မြန်မာအစိုးရအနေနဲ့လည်း သူတို့ကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို ပြောပြခဲ့တယ်လို့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဒုက္ခသည်တွေအနေနဲ့တော့ အခုပေးပို့ထားတဲ့ ဖောင်တွေကို အမြန်ဆုံးဖြည့်ပြီး ပြန်ပို့ဖို့ သူတို့အနေနဲ့ ပြောခဲ့ပေမယ့်လည်း တကယ်တမ်း ပြန်လာနိုင်မယ့် အချိန်အတိအကျကိုတော့ သတင်းစာ ရှင်းလင်းပွဲမှာ တိတိပပ မပြောခဲ့ကြပါဘူး။

BBC Burmese
http://www.bbc.com/burmese
နိုင်ငံသားဖြစ်ထိုက်သူတွေ ငါးလအတွင်း ဖြစ်ခွင့်ရမယ် နိုင်ငံသားဖြစ်ထိုက်သူတွေ ငါးလအတွင်း ဖြစ်ခွင့်ရမယ် Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.