သမ္မတ ထရမ့်ရဲ့ အမျိုးသားရေး ဝါဒကို ပြင်သစ် သမ္မတ ဝေဖန်

ကွန်ဂရက်စ်က တခဲနက် အားပေး
အမေရိကန်ပြည်ထောင်စု ကွန်ဂရက်စ် လွှတ်တော်မှာ ပြင်သစ်သမ္မတ အီမန်ဝဲလ် မက်ခရွန် ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲ သမ္မတ ထရမ့်ရဲ့ မူဝါဒတွေ အပေါ် အတော်လေး စိန်ခေါ်ပြီး ဝေဖန် ပြောဆို ခဲ့ပါတယ်။

ပြင်ပ ကမ္ဘာကြီးနဲ့ မဆက်ဆံပဲ သီးခြား ရပ်တည်လိုတဲ့ ထရမ့်ရဲ့ အမျိုးသားရေး အခြေခံ မူဝါဒတွေ အပေါ် မစ္စတာ မက်ခရွန်က ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာကြီး သာယာဝပြော လာစေဖို့ အနာဂတ် မျှော်လင့်ချက်တွေဟာ ခေါင်းထောင် ထကြွလာတဲ့ အမျိုးသားရေးဝါဒကြောင့် ခြိမ်းခြောက် ခံနေရပြီလို့ မစ္စတာ မက်ခရွန်က ပြောဆိုရင်းမှာပဲ၊ အမေရိကန်အနေနဲ့ နိုင်ငံတကာနဲ့ ပိုမိုထိတွေ့ ဆက်ဆံဖို့ တိုက်တွန်း ထားပါတယ်။

သီးသန့် အထီးကျန် နေထိုင်တဲ့ဝါဒ၊ အမျိုးသားရေး ဝါဒကို ဇောင်းပေး ရွေးချယ် တာတွေဟာ သူတပါး အပေါ် မယုံကြည်တဲ့ အကြောက်တရားကို ယာယီ သက်သာကောင်း သက်သာ စေမှာ ဖြစ်ပေမယ့်၊ အပြင်လောကရဲ့ ပြောင်းလဲမှု ကိုတော့ ရပ်တန့်နိုင်မှာ မဟုတ်ပါဘူးလို့လည်း သူက ပြောသွားပါတယ်။

ဗဟုဝါဒ ဆိုတာကို အမေရိကန်က ကနဦး တီထွင်ခဲ့တာ ဖြစ်သလို အခုလည်း ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အရေး ဦးဆောင်မှု ပေးရမှာ ဖြစ်တယ်လို့လည်း မစ္စတာ မက်ခရွန်က ပြောပါတယ်။
အမျိုးသားရေးဝါဒဟာ ဆေးမြီတိုပဲလို့ မက်ခရွန်းပြော
ပြင်သစ် သမ္မတ မိန့်ခွန်း ပြောဆိုစဉ် တက်ရောက် နားထောင် နေကြတဲ့ အမေရိကန် လွှတ်တော် အမတ်တွေက မတ်တပ်ရပ်ပြီး ပြင်သစ် သမ္မတ မက်ခရွန်ကို လက်ခုပ် ဩဘာတီး အားပေး ခဲ့ကြပါတယ်။

မစ္စတာ မက်ခရွန်ရဲ့ မိန့်ခွန်းထဲ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ အီရန်အရေးနဲ့ ကမ္ဘာ့ ကုန်သွယ်ရေး ကိစ္စတွေကို ထည့်သွင်း ပြောဆိုခဲ့ ပါတယ်။

သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှုနဲ့ လေထု ညစ်ညမ်းမှုကို ဖြေရှင်းဖို့ လက်ရှိ စက်မှုလုပ်ငန်းတွေကို ကာကွယ်ဖို့ လိုတယ်ဆိုတဲ့ အကြောင်းပြချက်ကတော့ မခိုင်လုံဘူးလို့လည်း မစ္စတာ မက်ခရွန်က ပြောပါတယ်။
ထရမ့်နဲ့ ဖက်လှဲတကင်း နေပြပြီး နောက်ပိုင်း မူဝါဒရေးရာအပေါ် ဝေဖန်
ဖန်လုံအိမ် ဓာတ်ငွေတွေ့ လျော့ချဖို့ ပဲရစ် သဘောတူညီချက်ကို အမေရိကန်က ပြန်လည် လက်ခံ လာမယ်ဆိုတာ သေချာတယ်လို့လည်း ဆိုပါတယ်။

အီရန်နိုင်ငံ အနေနဲ့ နျူကလီးယားလက်နက်ကို ဘယ်တော့မှ ပိုင်ဆိုင် ရရှိလာမှာ မဟုတ်ဘူးလို့ လည်း သူက ဆိုပါတယ်။

ဘီဘီစီရဲ့ မြောက်အမေရိက အယ်ဒီတာ ဂျွန် ဆိုပဲလ်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ မက်ခရွန်က ကောင်းကောင်း ပြသ သွားတာပဲလို့ သုံးသပ်ပါတယ်။

ကနဦးမှာတော့ အမေရိကန် သမ္မတ ထရမ့်နဲ့ အရမ်းရင်းနှီးတဲ့ အမူရာကို ပြသခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မစ္စတာ ထရမ့်ရဲ့ မူဝါဒကို တိုက်ရိုက် ဝေဖန် ထိုးနှက်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
သမ္မတ ထရမ့်ရဲ့ အမျိုးသားရေး ဝါဒကို ပြင်သစ် သမ္မတ ဝေဖန် သမ္မတ ထရမ့်ရဲ့ အမျိုးသားရေး ဝါဒကို ပြင်သစ် သမ္မတ ဝေဖန် Reviewed by THITHTOOLWIN on 09:07 Rating: 5
Powered by Blogger.