လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆၀၀ ကျော် ပျက်စီး

၁၆.၄.၂၀၁၈ ရက်နေ့၊ ၁၇း၁၅အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မဲခေါင်းအုပ်စု၊ ကြာနီကန်အုပ်စု၊ ထန်းတပင်အုပ်စုများတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်၊ ဘုန်းကြီးကျောင်းများပြိုကျပျက်စီးနေကြောင်း (၁၇.၄.၂၀၁၈) ရက်နေ့၊ (၀၆း၀၀) အချိန်ခန့်တွင် သတင်းရရှိသဖြင့် ပေါင်းတည်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။။ ဓါတ်ပုံ - Myanmar Fire Services Department
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်၊ နတ်တလင်းနဲ့ ပန်းတောင်းမြို့နယ်တွေမှာ မနေ့ ညနေပိုင်းက လေပြင်း တိုက်ခတ်တာကြောင့် နေအိမ် ၆၀၀ ကျော် အမိုးလန်ပျက်စီးပြီး ၃၆ လုံး ပြိုကျပျက်စီးခဲ့တယ်လို့ ပြည်ခရိုင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန တာဝန်ရှိသူက ဒီနေ့ ပြောပါတယ်။

ပျက်စီးဆုံးရှုံးတာတွေအပြင် ပေါင်းတည်မြို့မှာတော့ အမျိုးသမီးတစ်ယောက် သေဆုံးတယ်လို့ ပြည်ခရိုင် လူကယ်ပြန်ဦးစီးဌာနက ဦးစီးမှူး ဦးသန်းထွန်းအောင်က ပြောပါတယ်။

"သူက ဘယ်လိုဖြစ်သေလဲဆိုတော့ အိမ်ပြိုလဲတဲ့အခါမှာ အိမ်တိုင်ကပိပြီးတော့ အိမ်တိုင်က ရင်ဘတ်နဲ့ ဦးခေါင်းကို ပိပြီးတော့ တိုင်ပိပြီးတော့ သေတာ။ ချက်ချင်းဒဏ်ရာရတော့ ဆေးရုံကို ချက်ချင်းပို့ တယ်။ ဆေးရုံရောက်ကာမှ သေသွားတာပေါ့။ စာရင်းမငြိမ်သေးဘူးဆိုတာက စာရင်းကကောက် ဆဲလေ"

မနေ့က သင်္ကြန်အတက်နေ့ ညနေပိုင်းမှာ လေပြင်းတိုက်တာကြောင့် ပေါင်းတည်မြို့ ကြာနီကန်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာအုပ်စုအပါအ၀င်ကျေးရွာအုပ်စု ၄ ခုက နေအိမ် ၅၀၀ ကျော် အမိုးလန်ပြီး ၃၄ လုံး ပြိုကျပျက်စီးတာဖြစ်တယ်လို့ ဆိုပါတယ်။

နတ်တလင်းမြို့ကျေးရွာအုပ်စု ၃ ခုက နေအိမ် ၁၃၄ လုံး ပျက်စီးပြီး ၂ လုံးပြိုကျခဲ့တဲ့အပြင် ပန်းတောင်းမြို့မှာတော့ နေအိမ် ၇ လုံး အမိုးလန်ပျက်စီးတယ်လို့ စာရင်းတွေအရ သိရပါတယ်။

မနက်ဖြန်မှာတော့ အမိုးလန်ပျက်စီးသွားတဲ့အိမ်တွေနဲ့ ပြိုကျပျက်စီးသွားတဲ့အိမ်တွေက မိသားစုတွေကို ကူညီထောက်ပံ့ရေးတွေ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆၀၀ ကျော် ပျက်စီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆၀၀ ကျော် ပျက်စီး Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.