ပါကစ္စတန်နိုင်ငံတွင် အသေခံဗုံးသုံးလုံးပေါက်ကွဲခဲ့ရာ ရဲအရာရှိ ခြောက်ဦးသေဆုံး


အစ္စလာမ္မာဘတ် ဧပြီ ၂၅

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်စီရင်စု အနောက်တောင်ပိုင်းရှိ ကာဝေတာမြို့တွင် အသေခံဗုံးသုံးလုံး ပေါက်ကွဲခဲ့ရာ အနည်းဆုံးရဲအရာရှိ ခြောက်ဦးသေဆုံးခဲ့ပြီး ၁၅ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဧပြီလ ၂၅ ရက်နေ့ အေအက်ဖ်ပီသတင်း တစ်ရပ်အရ သိရသည်။

ရဲတပ်ဖွဲ့ဝင်များနှင့် ပါကစ္စတန်တပ်ဖွဲ့များက အိုင်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်ချေမှုန်းလျက်ရှိသည့်အတွက် အိုင်အက်စ်စစ်သွေးကြွများက လက်တုံ့ပြန်သည့်အနေဖြင့် အဆိုပါအသေခံဗုံးဖောက်ခွဲမှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နယ်စပ်ဂိတ်တွင် လုံခြုံရေးရဲအရာရှိများက သင်္ကာမကင်းဖြစ်သဖြင့် ပထမအသေခံဗုံးဖောက်ခွဲသမားအား စစ်ဆေးမေးမြန်းစဉ် ၎င်းကအသေခံဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး ဂူလမ်အလီဘာလို့ခ်ျက အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။

မကြာမီအချိန်တွင် ဒုတိယအသေခံဗုံးဖောက်ခွဲသမားသည် လုံခြုံရေးအရာရှိများနှင့် သေနတ်များ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး အသေခံဗုံးဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားခဲ့ပြီး နာရီဝက်ခန့်အကြာတွင် လေဆိပ်သို့သွားသည့်လမ်းပေါ်ရှိ ရဲအရာရှိများ လိုက်ပါစီးနင်းခဲ့သော ထရပ်ကားကို တတိယမြောက်အသေခံဗုံးဖောက်ခွဲသမားက ဆိုင်ကယ်ဖြင့်ဝင်ရောက်တိုက်ခဲ့ပြီး ဗုံးဖောက်ခွဲခဲ့ရာ ရဲအရာရှိခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဗုံးဖောက်ခွဲမှုသည် ပြင်းထန်လွန်းသည့်အတွက် ထရပ်ကား မှောက်သွားခဲ့ကြောင်း ကာဝေတာမြို့ ရဲချုပ်မိုဇမ်ဂျာအာန်ဆာရီက ဆိုသည်။

အေအက်ဖ်ပီ
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပါကစ္စတန်နိုင်ငံတွင် အသေခံဗုံးသုံးလုံးပေါက်ကွဲခဲ့ရာ ရဲအရာရှိ ခြောက်ဦးသေဆုံး ပါကစ္စတန်နိုင်ငံတွင် အသေခံဗုံးသုံးလုံးပေါက်ကွဲခဲ့ရာ ရဲအရာရှိ ခြောက်ဦးသေဆုံး Reviewed by THITHTOOLWIN on 08:48 Rating: 5
Powered by Blogger.