ဒုရဲမှူး မိုးရန်နိုင်နဲ့ မိသားစုဝင်တွေကိစ္စ ပြည်ထဲရေးထံ လူ့အခွင့်အရေးကော်မရှင် စာပို့

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် ကို တွေ့ရစဉ်/ Photo: Htet Arkar/ RFA
ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးတာလို့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ သက်သေထွက်ဆိုခဲ့တဲ့ ဒု-ရဲမှူး မိုးရန်နိုင်နဲ့ မိသားစုဝင်တွေ အခြေခံလူ့အခွင့်အရေးတွေ မထိခိုက်စေရေး ဆောင်ရွက်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနထံ စာပေးပို့ဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဆုံးဖြတ်လိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှာ ကျင်းပတဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာလို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

"ဒီကိစ္စကို ကျနော်တို့ စောင့်ကြည့်နေပြီဆိုတာကို ပြည်ထဲရေးကို အသိပေးလိုက်တာပါပဲ၊ ဒုရဲမှူး မိုးရန်နိုင် အပါအဝင် သူ့မိသားစုဝင်တွေပေါ့နော်၊ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးကို မထိခိုက်စေဖို့ လုပ်ပေးပါလို့ မေတ္တာရပ်ခံတာပါ၊ ဒီအပေါ်မှာ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ လေးလေးစားစား လုပ်ပေးမယ့် အနေအထား ရှိပါတယ်၊ ကျနော်တို့ အသိပေးလိုက်ပြီ၊ ဒါကိုစောင့်ကြည့်နေပြီဆိုတဲ့ အတွက်ကြောင့် သူတို့လည်း သတိထားပြီး လုပ်ဆောင်မယ်လို့ ယုံကြည်ပါတယ်"

တရားလိုပြ သက်သေ ဒု-ရဲမှူး မိုးရန်နိုင်ဟာ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို အမှတ် ၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေပေးပြီး ဖမ်းဆီးဖို့ ရဲမှူးချုပ် တင်ကိုကို က အမိန့်ပေး တာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဧပြီလ ၂ဝ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ အဲဒီနောက် ဧပြီလ ၂၁ ရက်နေ့မှာ နေပြည်တော်က ဒုရဲမှူး မိုးရန်နိုင်ရဲ့ မိသားစုဝင်တွေကို ရဲဝန်ထမ်းအိမ်ထောင်သည်လိုင်းခန်း ကနေ ဖယ်ရှားပေးဖို့ အကြောင်းကြားလာတဲ့အတွက် မိသားစုဝင်တွေဟာ မနေ့က မန္တလေးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်တူးက သူတို့မိသားစုကို ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ ခင်ပွန်းဖြစ်သူရဲ့အမှုကို အမှန်တရားပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ နိုင်ငံတော်အကြီးအကဲတွေထံ တောင်းဆိုလိုက်ပါတယ်။

ရဲစည်းကမ်းထိန်သိမ်းရေးဥပဒေ ၁၆(ခ)နဲ့ ဖမ်းဆီးခံထားရတဲ့ ဒုရဲမှူး မိုးရန်နိုင်ကို ရန်ကုန်က အမှတ် ၈ လုံခြုံရေး ရဲတပ်ရင်း ရဲအချုပ်မှာ ထိန်းသိမ်းထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက မနေ့က RFA နဲ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဒုရဲမှူး မိုးရန်နိုင်နဲ့ မိသားစုဝင်တွေကိစ္စ ပြည်ထဲရေးထံ လူ့အခွင့်အရေးကော်မရှင် စာပို့ ဒုရဲမှူး မိုးရန်နိုင်နဲ့ မိသားစုဝင်တွေကိစ္စ ပြည်ထဲရေးထံ လူ့အခွင့်အရေးကော်မရှင် စာပို့ Reviewed by THITHTOOLWIN on 21:52 Rating: 5
Powered by Blogger.