အကယ်၍ အမေရိကန်ပြည်ထောင်စုကသာ နျူကလီးယားနဲ့ပတ်သက်တဲ့ သဘောတူချက်ကို ချိုးဖောက်မယ်ဆိုရင် အီရန်အနေနဲ့လည်း တပတ်မပြည့်ခင်အတွင်း လက်တုံ့ပြန်မှာဖြစ်တယ်လို့ အီရန်သမ္မတ ဟာဆန်ရို-ဟာနီက ပြောကြားလိုက်ပါတယ်။
ကျနော်တို့ဘက်ကတော့ သဘောတူချက်ကို စပြီးမချိုးဖောက်ပါဘူး။ ဒါပေမဲ့ သူတို့သေချာပေါက် သိထားသင့်တာက သူတို့ဘက်က စချိုးဖောက်လာပြီဆိုရင်တော့ သူတို့နောင်တရ, ရမှာပဲလို့ သမ္မတရိုဟာနီက တီအီရန်မှာမှာကျင်းပတဲ့ နိုင်ငံတော်နျူးကလီးယားနည်းပညာ ညီလာခံမှာ ပြောကြားခဲ့တာပါ။
ကျနော်တို့ဘက်က သူတို့ထင်ထားတာထက် အများကြီးပိုပြီးပြင်ဆင်ထားပါတယ်။ သူတို့ဘက်ကသာ ချိုးဖောက်ခဲ့ရင် တပတ်မပြည့်ခင် ဘယ်လိုရလဒ်ထွက်လာမလဲဆိုတာ သူတို့မြင်ရမှာပါလို့လည်း သူကဆက်ပြောပါသေးတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်နိုင်ငံက အနုမြူလက်နက်ကိုင်ဆောင်မှုကို စွန့်လွှတ်ဖို့နဲ့ အီရန်ရဲ့နျူကလီးယားဒုံးပျံ စီမံချက်အတွက် မေလ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေပြန်ချဖို့ ခြိမ်းခြောက်ထားတာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ပ်ဟာ အာဏာရတာ ၁၅ လပဲရှိသေးပြီး ဒီကာလအတွင်းသူဟာ အမျိုးမျိုးတွေပြောဆိုနေသလို သူ့မှတ်ချက်တွေနဲ့ အပြုအမူတွေဟာလည်း တမျိုးပြီးတမျိုးပြောင်းနေတာပါပဲလို့ အီရန် သမ္မတ ကပြောပါတယ်။
ဒါပေမဲ့ JCPOA လို့ခေါ်တဲ့ နျူးကလီးယားသဘောတူညီချက်ဟာ အလွန်ခိုင်မြဲပြီး အဲဒီသဘောတူချက်ရဲ့ တည်ဆောက်ပုံ သဘောတရားဟာလည်း ဒီ ၁၅ လအတွင်းမှာ မယိမ်းမယိုင်ရှိနေခဲ့ပါတယ်လို့ သူကဆက်ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
သဘောတူချက်ကို ချိုးဖောက်ရင် နောင်တရသွားစေမယ်လို့ အီရန်ပြော
Reviewed by THITHTOOLWIN
on
22:26
Rating: