ဗီယက်နမ် - မြန်မာ ပူးတွဲကြေငြာချက်

ဗီယက်နမ်နိုင်ငံ ၂ ၇က်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၀ဲ) နဲ့ ဗီယက်နမ် ၀န်ကြီးချုပ် Nguyen Xuan Phuc (ယာ) တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဧပြီလ ၁၉၊ ၂၀၁၈)
ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc ရဲ့ဖိတ်ကြားချက်အရ ဧပြီလ ၁၉ နဲ့ ၂၀ ရက်တွေမှာ ဗီယက်နမ်နိုင်ငံကို တရားဝင်ခရီးစဉ် သွားရောက်ခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့မှာပဲ နေပြည်တော်ကို ပြန်လည် ရောက်ရှိလာ ပါပြီ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချစ်ကြည်ရေးခရီးစဉ်အတွင်း ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ ဗီယက်နမ်အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။

ခရီးစဉ်အပြီး နှစ်နိုင်ငံပူးတွဲ ကြေငြာချက်ထုတ်ပြန်ရာမှာတော့ ဗီယက်နမ်- မြန်မာ ၂ နိုင်ငံကြား ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ကတိပြုခဲ့ကြပါတယ်။ ၂ နိုင်ငံကြား ရရှိထားတဲ့ သဘောတူညီချက်တွေကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး အကောင်အထည် ဖော်မှာ ဖြစ်သလို စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်အဖွဲ့တွေ အပြန်အလှန်စေလွှတ်ဖို့၊ ကာကွယ်ရေးမူဝါဒဆိုင်ရာ နှစ်နိုင်ငံ ဒုဝန်ကြီးအဆင့် ဆွေးနွေးပွဲ ကို ၂၀၁၈ မှာကျင်းပဖို့နဲ့ စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေး၊ ဆေးဘက်အထောက်အပံ့နဲ့ ရှာဖွေကယ်ဆယ်ရေး ဆိုင်ရာ အပြန်အလှန်အထောက်အပံ့ပေးဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်းဖေါ်ပြထားပါတယ်၊၊

သမ္မတ Ho Chi Minh နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ထဲက အစဉ်အဆက် ပြုစုပျိုးထောင်ခဲ့တဲ့ မြန်မာ ဗီယက်နမ် ၂ နိုင်ငံဆက်ဆံရေး မှာ ဘက်မလိုက်နိုင်ငံများအရေးနဲ့ အာဆီယံ- ကုလသမဂ္ဂ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး ၂ နိုင်ငံခေါင်းဆောင် တွေက အလေးထားကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်၊၊

ဒါ့အပြင် ရာဇ၀တ်မှုတားဆီးရေးနဲ့ အပါအဝင် လုံခြုံရေးပူးပေါင်း ဆောင်ရွက်ဖို့နဲ့ ၂ နိုင်ငံကြား နယ်နမိတ် လွတ်လပ်စွာ အသုံးပြုခွင့်ပေးရေး အပြင် လက်ရှိ အမေရိကန်ဒေါ်လာ သန်း ၈၃၀ ထိမြင့်မားလာတဲ့ ၂ နိုင်ငံ ကုန်သွယ်ရေးကို သန်း ၁၀၀၀ အထိ အလျင်အမြန်တိုးမြှင့်ဖို့ မျှော်မှန်းကြောင်းလည်း ဖော်ပြထားပါတယ်၊၊

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ဗီယက်နမ် - မြန်မာ ပူးတွဲကြေငြာချက် ဗီယက်နမ် - မြန်မာ ပူးတွဲကြေငြာချက် Reviewed by THITHTOOLWIN on 08:44 Rating: 5
Powered by Blogger.