ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးပွဲမှာ တည်ခင်းမယ့် အချိုပွဲကို ဂျပန်ကန့်ကွက်


တိုကျို ၂၅ ဧပြီ

သောကြာနေ့မှာကျင်းပမယ့် ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးပွဲ တက်ရောက်လာသူတွေကို ကြိုဆိုဧည့်ခံမယ့် စားသောက်ဖွယ်ရာ တစ်မျိုးနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တောင်ကိုရီးယားအစိုးရကို ကန့်ကွက်ထားကြောင်း သိရပါတယ်။

ညစာဖြင့် တည်ခင်းဧည့်ခံရာမှာ ပါဝင်တဲ့ စားသောက်ဖွယ်ရာစာရင်းကို တောင်ကိုရီးယားသမ္မတရုံးက ထုတ်ပြန်ခဲ့ရာမှာ ကိုရီးယားကျွန်းဆွယ် မြေပုံသဏ္ဌာန်ဖန်တီးထားတဲ့ အချိုပွဲတစ်မျိုး ပါဝင်ခဲ့ပါတယ်။ အဆိုပါမြေပုံမှာ ဂျပန်နဲ့ တောင်ကိုရီးယားကြား ပိုင်ဆိုင်မှုအငြင်းပွားနေဆဲဖြစ်တဲ့ တာကီရှီးမားကျွန်း ပါဝင်နေခဲ့ပါတယ်။

အဆိုပါကျွန်းဟာ ဂျပန်ပိုင်နက်မှာပါဝင်ပြီး ဘိုးဘွားအမွေဖြစ်ကြောင်း၊ ယခုအခါ တောင်ကိုရီးယားက ထိန်းချုပ်ထားတာကြောင့် ဒါဟာ ဂျပန်ပိုင်နက်ကို တရားမ၀င် ၀င်ရောက်တာဖြစ်တယ်လို့ ဂျပန်အစိုးရက အခိုင်အမာ ပြောကြားထားပါတယ်။

အင်္ဂါနေ့က အာရှနှင့် ပင်လယ်ကျွန်းစုရေးရာဗျူရို ခေါင်းဆောင် ကန်ဂျီ ကန်ဆူဂီ က တိုကျိုအခြေစိုက် တောင်ကိုရီးယားသံရုံး တွဲဖက်ဝန်ကြီးနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး ယခုကိစ္စဟာ ဂျပန်နိုင်ငံအတွက် လက်ခံနိုင်ဖွယ်မရှိတာကြောင့် အဆိုပါအချိုပွဲ တည်ခင်းဧည့်ခံတာကို ရှောင်ကြဉ်သင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ ဆိုးလ်အခြေစိုက် ဂျပန်သံရုံးကလည်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကို ကန့်ကွက်လွှာ ပေးပို့ထားပါတယ်။

အလားတူ ပြုံချမ်း အိုလံပစ်အားကစားပွဲတော်မကျင်းပမီ ချစ်ကြည်ရေးပွဲကျင်းပစဉ်က လွှင့်ထူခဲ့တဲ့ ကိုရီးယားပြန်လည်ပေါင်းစည်းရေးအလံမှာ တာကီရှီမားကျွန်း ပါဝင်ခဲ့စဉ်ကတစ်ကြိမ်၊ ပြီးခဲ့တဲ့ နိုဝင်ဘာလက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ တောင်ကိုရီးယားခရီးစဉ်အတွင်း အဆိုပါကျွန်းအနီးက ဖမ်းယူခဲ့တဲ့ ပုစွန်တွေနဲ့ ညစာတည်ခင်းဧည့်ခံစဉ်က တစ်ကြိမ် ဂျပန်အစိုးရက တောင်ကိုရီးယားအစိုးရကို ကန့်ကွက်ခဲ့ဖူးကြောင်း အန်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရပါတယ်။

ဘာသာပြန် > မိုးမမ
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးပွဲမှာ တည်ခင်းမယ့် အချိုပွဲကို ဂျပန်ကန့်ကွက် ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးပွဲမှာ တည်ခင်းမယ့် အချိုပွဲကို ဂျပန်ကန့်ကွက် Reviewed by THITHTOOLWIN on 23:06 Rating: 5
Powered by Blogger.