သတင်းထောက်တွေ ထောင်ဖမ်းကြောင်း ပြောတဲ့ ရဲ ရဲ့ မိသားစုနှင်ချခံရ

ဒုရဲမှူး မိုးရန်နိုင်ရဲ့ ဇနီးဖြစ်သူ လူမှုကွန်ယက်မှာ တင်ထားတဲ့ပိုစ့်
ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဖမ်းခဲ့ကြောင်း အင်းစိန်တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ မိသားစုဝင်တွေကို သူတို့နေထိုင်တဲ့ နေပြည်တော် ရဲလိုင်းခန်းကနေ ဖယ်ပေးဖို့ ရဲတပ်ဖွဲ့က အကြောင်းကြားလာတယ်လို့ ဇနီးဖြစ်သူ မတူးတူးရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။

မနက် ၇ နာရီလောက် ဖုန်းလာလို့ ကိုင်လိုက်တော့ အမလိုင်းခန်းက ဖယ်ပေးရမယ်ဆိုပြီး လူကြီးက ပြောလာတဲ့အတွက် မိုးကြိုးပစ်သလို ခံစားရကြောင်း သမီးငယ်နဲ့အတူ ဖေ့ဘုပ်မှာ တင်ထားခဲ့တာပါ။

ဒုရဲမှူး မိုးရန်နိုင်ရဲ့ ညီတော်စပ်သူ ကိုရဲဝင်းနိုင်ကလည်း အဲဒီအဖြစ်အပျက်ဟာ မှန်ကန်ကြောင်း ဘီဘီစီကို ပြောပါတယ်။

၂ ရက်အတွင်းဖယ်ပေးဖို့ ဆိုပြီးအကြောင်းကြားလာတဲ့အတွက် ချက်ခြင်းဖယ်ပေးခဲ့တယ်လို့ ဦးရဲဝင်းနိုင်က ပြောပါတယ်။

တရားရုံးမှာ သူ့အကိုဖြစ်သူက အဖြစ်မှန်ထွက်ဆိုတော့မှာ ဖြစ်တဲ့အတွက် အစ်ကိုမိသားစုအတွက် စိုးရိမ်လို့ ရဲလိုင်းခန်းမှာနေတဲ့ အစ်ကိုဖြစ်သူရဲ့ ဇနီးနဲ့သမီးကို နေပြည်တော် သပြေကုန်းက သူ့အိမ်ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲကခေါ်ထားတယ်လို့လည်း ကိုရဲဝင်းနိုင်က ပြောပါတယ်။

နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ တရားရင်ဆိုင်နေရတဲ့ မြန်မာ ရိုက်တာ သတင်းထောက် ၂ ဦးကို လျှို့ဝှက် စာရွက်စာတမ်းတွေ ပေးမယ်ဆိုပြီး ရဲတပ်ဖွဲ့က ထောင်ဖမ်းခဲ့တာ ဖြစ်တယ်လို့ တရားလိုပြ သက်သေ ဒုရဲမှူး မိုးရန်နိုင်က တရားခွင်မှာ ဧပြီလ ၂၀ ရက်နေ့က ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
သတင်းထောက်တွေ ထောင်ဖမ်းကြောင်း ပြောတဲ့ ရဲ ရဲ့ မိသားစုနှင်ချခံရ သတင်းထောက်တွေ ထောင်ဖမ်းကြောင်း ပြောတဲ့ ရဲ ရဲ့ မိသားစုနှင်ချခံရ Reviewed by THITHTOOLWIN on 14:18 Rating: 5
Powered by Blogger.