ဒုရဲမှူး မိုးရန်နိုင် ကို ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ချ

ဒုရဲမှူး မိုးရန်နိုင် ကို တွေ့ရစဉ်/ Photo: Htet Arkar/RFA
ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦးအမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေးခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင် ကို ရဲတရားရုံးက ရဲစည်းကမ်းဖေါက်ဖျက်မှုနဲ့ ထောင်ဒဏ်ချမှတ်လိုက်ပြီး၊ အင်းစိန်ထောင်ကို ပို့လိုက်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရသူ ရဲမှူးကြီး မျိုးသူစိုး က ပြောဆိုတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

ဒါပေမဲ့ ချမှတ်လိုက်တဲ့ ထောင်ဒဏ် ကာလနဲ့ ပတ်သက်ပြီး အသေးစိတ်ကို မပြောဆိုကြောင်းလည်း ဖေါ်ပြ ပါတယ်။

ရဲစည်းကမ်းဖေါက်ဖျက်မှု ဥပဒေ အခန်း ၁၆ (ခ) နဲ့ အခန်း ၂၂ မှာတော့ စည်းကမ်းဖေါက်ဖျက်မှု ကျူးလွန်ကြောင်း ဆုံးဖြတ်ခံရသူကို ထောင်ဒဏ် တနှစ်အထိ ချမှတ်နိုင်တယ်လို့ဆိုပါတယ်။

ဒုရဲမှူးမိုးရန်နိုင်ရဲ့ ဇနီး ဒေါ်တူး ကတော့ ခင်ပွန်းဖြစ်သူကို ထောင်ဒဏ်ချမှတ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် မိသားစုကို တရားဝင်အကြောင်းမကြားသေးကြောင်း၊ လာမယ့် မေလ ၂ ရက်နေ့ အင်းစိန်တရားရုံး မှာ ခင်ပွန်းဖြစ်သူကို တရားလိုပြ သက်သေအဖြစ် ရုံးထုတ်တဲ့အခါ တွေ့ခွင့်ရဖို့ ကြိုးစားနေကြောင်း ပြောပါ တယ်။

ဒုရဲမှူးမိုးရန်နိုင်ရဲ့ အမှုနဲ့ပတ်သက်ပြီး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ တွေ့ဆုံဖို့ ရှိတယ် လို့လည်း ဒေါ်တူး က ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဒုရဲမှူး မိုးရန်နိုင် ကို ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ချ ဒုရဲမှူး မိုးရန်နိုင် ကို ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ချ Reviewed by THITHTOOLWIN on 17:23 Rating: 5
Powered by Blogger.